နမ့်ဟူးရေထွက်အား ဟိုမိန်းပြည်သူ့စစ်မိုင်းခွဲ ရေခန်းခြောက်မည့်အရေး မြို့ခံများစိတ်ပူ



သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် ရပ်ရွာလူထုမှ အားထားပြုရသော ရေထွက် (နမ့်ဟူး) အား ဟိုမိန်းပြည်သူ့စစ်တပ်ဖွဲ့ က မိုင်းခွဲကာ ရှေးဟောင်းပစ္စည်းရှာဖွေသဖြင့် အနာဂတ်တွင်ရေခန်းမည့်ပြဿနာ ဖြစ်မည့်အရေး မြို့ခံများစိတ်ပူနေကြကြောင်း  ပြောဆိုနေပါသည်။

038                                                                   နမ့်ဟူး

“ဝမ့်ယေးနားက နမ့်ဟူးရေထွက်လေ။ အဲ့ထဲမှာ ရှေးဟောင်းပစ္စည်းတွေရှာဖို့ဆိုပြီး ဟိုးမိန်းလက်နက်ကိုင်တပ်ဖွဲ့ (အက်စ်သုံး လုံးအဖွဲ့) က မနှစ်က နိုဝင်ဘာလလောက်မှာ စပြီးမိုင်းခွဲတာ။ ရေတွေ နောက်ကျိကုန် တယ်လေ။ အခုတော့ ပြဿနာမရှိပေ မယ့် ရေထွက်အပေါ်မှာ ကာထားတဲ့ ကျောက်ပြင်ကျောက်ပြားတွေ မရှိတော့တဲ့အတွက် နောင်နှစ်ပေါင်းကြာလာရင် အမှိုက် သရိုက်တွေ ပိတ်ပြီးရေခန်းသွားနိုင်တယ်။ မိုးနဲမြို့နယ်ရဲ့ လေးပုံတပုံက အဲဒီနမ့်ဟူးရေထွက်ကိုဘဲ အားကိုးတာ။ အဲလိုရေခန်းသွားရင် ဘယ်သူကတာဝန်ယူပေးမလဲ ” ဟု မိုးနဲမြို့ခံ စိုင်းသားကြီးက ပြောသည်။

“လူထုလာရောက်တိုင်တမ်းလို့ ကျနော်တို့လဲ အချက်အလက်တွေစုဆောင်းထားပါတယ်။ နမ့်ဟူးရေထွက်ကို အက်စ်သုံးလုံး အဖွဲ့တွေ မှိုင်းခွဲလိုက်တာတော့ အချက်အလက်ရထားတယ်၊ နမ့်ဟူးက ကျနော်တို့ဒေသခံတွေ အားကိုးရတဲ့ ရေထွက်ချောင်း လေးတခုဖြစ်တာမှန်တယ်” - ဟု မိုးနဲ့မြို့ ပြည်နယ်လွှတ်တော်အမတ် စိုင်းမောင်ကြီး က ပြောပါသည်။

သတင်းထွက်နေသည့်အတိုင်း နမ့်ဟူးရေထွက်အား အမှန်တကယ် မိုင်းခွဲရကြောင်း ဟိုမိန်းဒေသ အက်စ်သုံးလုံးအဖွဲ့ဝင် စိုင်းလူကလည်း ပြောပါသည်။

“သျှမ်းအဆိုတော်တယောက်က အဲဒီမှာ ရှေးဟောင်းပစ္စည်းရှိကြောင်း တရားထိုင်ပြီးတွေ့တယ်လို့ပြောတယ်။ နောက်ခု ရွာသားတွေကလဲ အဲလိုပြောတော့ ကျနော်တို့ သွားပြီးဖောက်ခွဲကြည့်တာပါ။ နမ့်ဟူးအောက်မှာ ဂူကြီးရှိတယ်လို့ပြောတယ်။ ၃ လလောက်ဖောက်ခွဲ ဖယ်ရှားကြည့်တယ် ဂူလဲမရှိဘူး။ အဲတာကြောင့်အခု ဆက်မလုပ်တော့တာ။ အစပိုင်းကတော့ ရေနဲနဲနောက်တယ် အခု ပြန်ကြည်သွားပြီ။ ကျနော်တို့မိုင်းခွဲလိုက်လို့ ရေထွက်ပေါက် ပိုတောင်ကျယ်လာသေးတယ်။ ရေလဲ အရင်ကထက်ပိုပြီးတော့ အထွက်များသေးတယ်” - ဟု စိုင်းလူက သျှမ်းသံတော်ဆင့်အားပြောသည်။
039ဖောက်ခွဲခံရသော နမ့်ဟူး

၎င်းနှင့်ပတ်သက်၍ မိုးနဲမြို့နေ သက်ကြီးမိဘ တဦးက - “ အဲဒီရေထွက်က ကျနော်တို့အတွက် တော်တော်လေးအကျိုး ပေးပါတယ်။ သဘာဝကိုဖျက်ဆီးလိုက်လို့ သဘာဝကဖောက်ပြန်သွားမှာ အစိုးရိမ်ဆုံးဘဲဗျာ” ဟု ဆိုပါသည်။

အဆိုပါနမ့်ဟူးရေထွက်သည် မိုးနဲမြို့အနောက်ဘက် ၈ မိုင်ခန့်အကွာရှိ လွယ်ယေးရွာတွင်တည်ရှိပါသည်။

ဟိုမိန်းဒေသ နယ်ခြားကာကွယ်ရေးတပ်ဖွဲ့သည် ၁၉၉၆ ခွန်ဆာ ၏ MTA မုန်းတိုင်း တပ်မတော်လက်နက်ချစဉ်က ပါဝင်ပြီး မဟာကြာဦးဆောင်သည့်အဖွဲ့ကို ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် မြန်မာ့တပ်မတော်က ပြန်လည်ဖွဲ့စည်းကာ ဟိုမိန်းဒေသဘက် ပြန်လည်အခြေချနေထိုင်သည်။ သို့သော် တောင်ကြီး လွိုင်လင် ပင်လုံ နမ့်စန် မိုးနဲ ကျိုင်းတောင်း လင်းခေး နှင့် ဟိုမိန်းဒေသတို့ အတွင်း SSS ကုမ္ပဏီအမည်ဖြင့် ဖြန့်ကျက်နေထိုင်လုပ်ကိုင်လျက်ရှိသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates