KIA နှင့် SSPP/SSA သို့ အစိုးတပ်အင်အားထပ်ဖြည့်



သျှမ်းပြည်မြောက်ပိုင်း SSPP/SSA ထိန်းချုပ်နယ်မြေနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နယ်မြေသို့ ယခုတပတ်အတွင်း အစိုးရတပ်များ အင်အားထပ်မံဖြည့်တင်းနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

mm-army-trucksKIA နှင့် SSPP/SSA သို့ အစိုးတပ်အင်အားထပ်ဖြည့်

“မိုင်းနောင်အခြေစိုက် စကခ ၂ လက်အောက်ခံတပ်ရင်းတွေက မိုင်းစန်ဘက်ကနေ မိုင်းရှူးဘက်ကို တပ်ရင်း သုံးရင်းထပ်ပို့တယ်။ စုပေါင်းအင်အားက ၂၀၀ ကျော်မယ်” - ဟု မိုင်းစန်မြို့(မြို့နယ်ခွဲ) သားတဦး ဖြစ်သည့် စိုင်းမောင်က ပြောသည်။

ဧပြီ ၂၁ ရက်နေ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စကခ ၂ လက်အောက်ခံ ခလရ ၂၄၈၊ ခမရ ၅၁၅ ၊ ၅၁၇ အင်အား ၂၀၀ ကျော်က ယာဉ်တန်း ၁၃ စီးဖြင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲမှ - မိုင်းစန် မြို့ နယ်ခွဲ ထိုမှတဆင့် မိုင်းရှူးမြို့နယ် မိုင်အော့တ် တိုက်နယ် ပန်င နမ့်တောင် ကျေးရွာဘက် တက်သွားကြောင်း၊ ထို့အတွက်ကြောင့် သျှမ်းပြည်တပ်မတော်ဘက်ကလည်း ခုခံကာဖို့  အင်အားအသင့် ပြင်ဆင် ထား ကြောင်း - မိုင်းရှူးမြို့ပေါ် ရောက် အမည်မဖေါ်လိုသူ တပ်မှူးတဦးကပြောပါသည်။

ထို့အတူ အစိုးရစစ်ယာဉ်တန်းများသည် မူစယ် - နမ့်ခမ်းမြို့ကို ဖြတ်သန်းပြီး ကချင်ပြည်နယ်သို့ - ယမန်နေ့ က လူ ၊ ရိက္ခာ အပြည့်ကား ၅ စီး၊ ယနေ့ ၂ စီး ထပ်မံဖြည့်တင်းနေကြောင်း နမ့်ခမ်းမြို့ခံများက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၄ လက်အောက်ခံတပ်ရင်းများနှင့်လည်း အစိုးရတပ်နှင့်နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်ဟု ကွတ်ခိုင်ဒေသခံ ဇော်အောင် ကပြောသည်။

“ကျနော်တို့ရတဲ့သတင်းအရ ကချင်ဘက် စစ်ယာဉ်တန်းတွေ သွားနေသလို ကျနော်တို့ဘက်လဲ အင်အားဖြည့် လာနေတယ်ဆိုတော့ အစိုးရစစ်ကြောင်း လှုပ်ရှားမှုအရှိန်မြင့်လာရင် ဒီရက်ပိုင်း မိုင်းရှူးမြို့နယ် အရှေ့ဘက် ခြမ်း သံလွင်မြစ်နဲ့ကပ်လျက်နယ်မြေတွေမှာတိုက်ပွဲတွေဖြစ်ပွားလာနိုင်တယ်” - ဟု အဆိုပါ သျှမ်းတပ်မှူး က ပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရတပ်နှင့် တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြားဖြစ်ပွားသော တိုက်ပွဲကြောင့် မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ တန့်ယန်းမြို့နယ် အတွင်း ဒုက္ခသည်စခန်းတခုလျှင် ဒေသခံစစ်ဘေးရှောင်ဒုက္ခသည်များ ရာဂဏန်းရောက်ရှိခိုလှုံနေပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates