သျှမ်း/မြောက်၌ ရိုးရာပွဲဆက်တိုက်ကျင်းပပြီး လောင်းကစားဝိုင်းရက်ရှည်ဖွင့်



သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နမ့်မူဆယ်အုပ်စုတွင် ရက်ရှည်လောင်းကစားဝိုင်းကြောင့် အိမ်ထောင်သည် အမျိုး သမီးများ အခက်အခဲရင်ဆိုင်နေရကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

gambling
“ သင်္ကြန်ကျကတည်းက လောင်းကစားဝိုင်းဖွင့်တာ ဧပြီလကုန်အထိဘဲဆိုပါတော့။ လောင်းကစားသွားတဲ့ အမျိုးသားတွေ ၂ ရက် ၃ ရက် အိမ်မပြန်ဘဲ လောင်းကစားဝိုင်းမှာနေတယ်။ ယာဘချပြီး မအိပ်မနေလောင်းတယ်။ မိသားစုအသုံးစရိတ်၊ မိသားစုဝင်ငွေအတွက်အရင်းအနှီးလုပ်ဖို့ချန်ထားတဲ့ပိုက်ဆံတွေကိုပါ ယောက်ျားဖြစ်သူက လောင်းကစားလုပ်ပစ်လိုက် တယ်။ လောင်းကစားပွဲရှိတိုင်း အိမ်ထောင်သည်အမျိုးသမီးတွေ သားသည်မိခင်တွေ အမြဲတမ်း အဲလိုခံစားရတယ်” ဟု နမ့်မူဆယ် ဒေသခံ နန်းအေးက သျှမ်းသံတော်ဆင့်အားပြောသည်။

နမ့်မူဆယ်အုပ်စု၌ လောင်းကစားဝိုင်းရက်ဆက်ဖွင့်လှစ်နိုင်ရေးအတွက် ဧပြီလ ၁၃ ရက်ကတည်းကစ၍ သင်္ကြန်ရေကစားပွဲ၊ ရှင်လောင်းပွဲ ၊ ရွာပဌာန်းပွဲ - စသည့်ရိုးရာပွဲများဆက်တိုက် (ဧပြီလကုန်အထိ) ပြုလုပ်ခဲ့ကြောင်း၊ သမ္မတကြီး၏ ထုတ်ပြန် ကြေငြာချက်နှင့် ဆန့်ကျင်စွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသတွင်း လက်နက်ကိုင်ပြည်သူ့စစ်တပ်ဖွဲ့တို့ထံ အခကြေးငွေပေး ၍ လောင်းကစားဝိုင်းထောင် နေကြခြင်းဖြစ်ကြောင်း နန်းအေးက ပြောသည်။

“မတ်ကင့်လွယ် (ဂုံကင်း)ခုံက ၂၅ ခုံရှိတယ်။ တခုံကို တည တစ်သိန်းကျပ်။ လေးကောင်ဂျင်က ၂ ခုံ၊ ဖိုင့်ကျူး ဖဲဝိုင်းက ၂ ဝိုင်း။ အဲတာလဲ တဝိုင်းကို တည ၅ သိန်းကျပ်စီ  မန်ပန်ပြည်သူ့စစ် (တရုတ်လူမျိုး) စဝ်ဟန်အားဆန် (ဗိုလ်မှူး) နဲ့ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဆာမ်ယွန်း (ပလောင်) ဆီမှာပိုက်ဆံပေးပြီးလုပ်နေကြတာလေ။ လောင်းကစားဝိုင်းများလေလေ ဒေသခံရွာသားတွေ ဆင်းရဲလေလေမွဲလေလေ  လူငယ်တွေလဲပျက်စီးလေလေဘဲ။ ပွဲခင်းထဲအထိ ယာဘလိုက်ရောင်း နေတာလေ” ဟု ယာဘစွဲနေသူတဦး၏ ဇနီးဖြစ်သော နန်းခမ်းက လဲပြောပါသည်။

၂၀၁၁ ဂျူလိုင်လက ဆင်းရဲမွဲတေမှုပပျောက်ရေးဟုဆိုကာ သမ္မတသစ်ဖြစ်သော ဦးသိန်းစိန်က လောင်းကစားဝိုင်းများ ပိတ်ရန်အမိန့်ထုတ်ခဲ့သည်။ ထိုနောက်ပိုင်း  ရဲစခန်းနှင့် ဌာနဆိုင်ရာများ၌ လောင်းကစားမလုပ်ရန်တားမြစ်ထားသည့် နံရံကပ် ကြေငြာစာများ ၊ လောင်းကစားဝိုင်းသတင်းပေးပို့လျှင် ဆုငွေချမည် ဟူသော ကြော်ငြာစာများ ကပ်ထားသည်ကို တွေ့ရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates