ဌာနဆိုင်ရာတချို့၏ ဆက်ဆံရေးညံ့ဖျင်းမှုကြောင့် လားရှိုးပဋိပက္ခနှင့်ပတ်သက်၍ သတင်းထောက်များ သတင်းအမှန်ရရန် အခက်အခဲဖြစ်



(၂၈-၅-၂၀၁၃)ရက်နေ့ ညနေပိုင်းတွင် လားရှိုးမြို့၊ ရပ်ကွက်(၈)နေ ဗုဒ္ဓဘာသာဝင်  အမျိုးသမီးတစ်ဦးအား အစ္စလာမ် ဘာသာဝင်တစ်ဦးမှ ဓါတ်ဆီလောင်း၍ မီးရှို့ခဲ့ခြင်းမှစတင်ခဲ့သော ပဋိပက္ခကိစ္စကြီးသည် ကြီးမားလာခဲ့ရာ သက်ဆိုင်ရာ အုပ်ချုပ် မှုပိုင်းဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်အစိုးရ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ ပြည်နယ်အကြီးအကဲ များ၊ ပြည်ထောင်စုဝန်ကြီးများမှ အလျင်အမြန် ပြန်လည်အေးချမ်းငြိမ်သက်ရန် စီမံညွှန်ကြားလုပ်ဆောင်ခဲ့ရာ (၃၀-၅-၂၀၁၃) ရက်နေ့တွင် လားရှိုးမြို့တစ်ခုလုံး အကြမ်းဖက်ဆူပူမှုများ လုံးဝမရှိတော့ဘဲ တည်ငြိမ်အေးချမ်းမှုများ ရရှိခဲ့သည်အား တွေ့ရှိ ရသည်။


သို့ပါသော်လည်း ယင်းပဋိပက္ခဖြစ်စဉ် စတင်ဖြစ်ပွားသည့်အချိန်မှစ၍ ကောလဟာလသတင်းများ အမြောက်အမြား ထွက်ပေါ်လာခဲ့သည်ဖြစ်ရာ ယခုအခါတွင် လားရှိုးမြို့ နယ်ခံသတင်းထောက်ကြီးများနှင့် ယင်းပဋိပက္ခအား အကြောင်းပြု၍ လားရှိုးသို့ရောက်ရှိလာကြသော သတင်းမီဒီယာအသီးသီးမှ သတင်းထောက်များမှ သတင်းမှန်များရရှိနိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာတချို့အား သွားရောက်မေးမြန်းစုံစမ်းမှုပြုရာတွင် ကောင်းမွန်ယဉ်ကျေးစွာပြန်လည်ဖြေကြားမှု မရှိခြင်း၊ သိလို၍မေးမြန်းသောအကြောင်းအရာများအား ပြန်လည်ပြောပိုင်ခွင့်မရှိဟု ပြောဆိုလာ၍ သတင်းမှန်ရ ရှိနိုင်ရေးတွင် အခက်အခဲအတော်ပင်ရှိနေကြောင်း သိရှိရသည်။

ပဋိပက္ခကြီးမားသော၂၈-၅-၂၀၁၃ နှင့် ၂၉-၅-၂၀၁၃ နေ့များတွင်သတင်းထောက်များအား ယင်း ပဋိပက္ခဖြစ်ပွားရာ နေရာများ သို့သွားလာသတင်းယူမှုအဆင်ပြေနိုင်ရန် သက်ဆိုင်ရာမှလုံခြုံရေးနှင့်ပတ်သက်ပြီးလုံးဝကို တာဝန်ယူ ပေးခဲ့ခြင်းမရှိကြောင်းလည်းတွေ့ရသည်။

ယင်း(၂၉)ရက်မွန်းလွဲပိုင်းတွင်လားရှိုးမြို့ခံသတင်းထောက်နှစ်ဦး အကြမ်းဖက်သူလူတစု၏ရိုက်နှက်မှုခံခဲ့ရကြောင်းနှင့် ထိုသတင်းထောက်တို့ရိုက်ကူးပြီးသော ဓါတ်ပုံများပင်အ ကြမ်းဖက်လူတစုမှလုယက်ဖျက်ဆီးမှုခံခဲ့ရကြောင်း လည်းကြား သိမြင်တွေ့ခဲ့ရသည်။

(၃၁-၅-၂၀၁၃)ရက်နေ့ မွန်းလွှဲပိုင်းတွင် ယခုဖြစ်ပွားသည့် ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ အရေးပေါ်ကာလ စီမံခန့်ခွဲ ရေး ကော်မတီ   ဖွဲ့  စည်းခဲ့ပြီးဖြစ်ကာ သတင်းမှန်ထုတ်ပြန်နိုင်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ လားရှိုးရှိ နယ်ခံ သတင်း ထောက် များနှင့် ပဋိပက္ခဖြစ်စဉ်သတင်းယူရန် ရောက်ရှိလာကြသော သတင်းမီဒီယာအသီးသီးမှ သတင်းထောက်များ နှင့်ပတ်သက်၍ သတင်းယူခြင်း အဆင်ပြေနိုင်ရေးအတွက် သျှမ်းပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ပြည်နယ်မှူးဖြစ်သူ ဒေါ်ခင်စန်း မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

(၃၁-၅-၂၀၁၃)ရက်နေ့ မွန်းလွှဲပိုင်းတွင် ပြန်/ဆက်ပြည်နယ်မှူးဖြစ်သူနှင့် သက်ဆိုင်ရာ ပြန်/ဆက်အရာရှိများ၊ တာဝန်ရှိသတင်း ထောက်များမှ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိ၍ အတွင်းလူနာအဖြစ် ကုသမှုခံယူလျှက်ရှိသော ဓါတ်ဆီလောင်းမီးရှို့ ခံရသူ မအေးအေးဝင်းအား သွားရောက်ကြည့်ရှု၍ သိလိုသည်များမေးခြင်း၊ ရုပ်သံသတင်းနှင့် သတင်း ဓါတ်ပုံများရိုက်ရန် သွားရောက်ဖြစ်ခဲ့သည်။

ဤသို့ မအေးအေးဝင်းအား တရားဝင် ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်ရန် ပြည်နယ် ပြန်/ဆက်  ပြည်နယ်မှုးဖြစ်သူမှာ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများထံ သတင်းပို့၍ သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သော်လည်း    ယင်း(၃၁-၅-၂၀၁၃)နေ့ မွန်းလွှဲ(၂းဝဝ)နာရီခန့်တွင် လားရှိုးဆေးရုံ ခွဲစိပ်ဆောင်အပေါ်ထပ် ယင်းလူနာ မအေးအေးဝင်းနှင့်သက်ဆိုင်သော လက်ထောက်ဆရာဝန်မှာ လုံးဝ ဝင်ခွင့်မပြုခဲ့သည်ကို တွေ့ရှိရသည်။

၎င်းအနေနှင့် ဝင်ခွင့်မပေးနိုင်ဟုဆိုသည်။ ထို့အတွက်ကြောင့် သက်ဆိုင်ရာ ဆေးရုံအုပ်ကြီးအား ချက်ချင်းဖုန်းဆက်၍ ပြန်/ဆက် ပြည်နယ်မှူးကိုယ်တိုင် အကျိုးအကြောင်းပြောဆိုရာ ဆေးရုံအုပ်ကြီးဖြစ်သူမှ ခွင့်ပြုပေးခဲ့သည်ဟု သိရှိရသည်။

ဤကဲ့သို့ ဆေးရုံအုပ်ကြီးမှ ခွင့်ပြုချက်ပေးခဲ့ပြန်သော်လည်း ယင်းခွဲစိပ်ဆောင်မှ တာဝန်ကျလက်ထောက်ဆရာဝန်မှ ချမှတ် ထားသော စည်းမျဉ်းစည်းကမ်းများတွင် လုံးဝမပါဟု ပြောဆိုနိုင်သော အကြောင်းအရာများ အကြောင်းပြကာ လူဦးရေ၊အချိန် ကန့်သတ်ထားပြီးမှ ဝင်ခွင့်ပြုနိုင်မည်ဟု အထူးတာဝန်ရှိ၍ လာရောက်ကြသူများအား ပြန်လည် ဆက်ဆံခဲ့ခြင်းအား တွေ့ရှိခဲ့ ရသလို တာဝန်အရ လာရောက်ကြသူများအားလုံး စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသည်။

တဖန်လားရှိုးမြို့တွင်းတွင်သာမက မြန်မာတနိုင်ငံလုံးနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံးပင် လားရှိုး ပဋိပက္ခနှင့်ပတ်သက်၍ ဒဏ်ရာရလူနာများ၏အရေအတွက်နှင့် သေဆုံးသူဦးရေအား တစ်ယောက်တမျိုး ကောလဟာလ သတင်းစကားများပြောနေကြသည်ဖြစ်၍ ယင်းပဋိပက္ခဖြစ်စဉ် စ/လယ်/ဆုံး အတိအကျရေးသားထုတ်ပြန်နိုင်ရန်အတွက် လားရှိုးမြို့ခံသတင်းထောက်ကြီးတစ်ဦးသည် လားရှိုးပြည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ (၂-၆-၂၀၁၃) ရက်နေ့နံနက်ပိုင်း တွင် ဖြစ်စဉ် စ/လယ်/ဆုံး လားရှိုးဆေးရုံရောက် လူနာစာရင်းအားလည်းကောင်း၊ သေဆုံးသူစာရင်းအားလည်းကောင်း အတိအကျ သိနိုင်ရန်အတွက် သွားရောက်မေးမြန်းမှုပြုခဲ့ရာ အရေးပေါ်တာဝန်ကျဆရာဝန်နှင့် တာဝန်ကျသူနာပြုများမှ ပြောပိုင်ခွင့်မရှိဟု ဆို၍ ပြန်လည်ဖြေဆိုမှုမပြုခဲ့သည်အားလည်း တွေ့ရှိရ၍ သတင်းမှန်လျှင်မြန်တိကျစွာ ထုတ်ပြန်နိုင်ရန် အတွက် ယခုလိုကြိုးစားသတင်းယူနေသော သတင်းထောက် များ အနေဖြင့်စိတ်အနှောက်အယှက်ဖြစ်ရသလို
လုပ်ငန်းလုပ်ဆောင်မှုပင် ထိခိုက်ကြန့်ကြာခဲ့မှုများဖြစ်ခဲ့ရသည်။

ယနေ့မျက်မှောက်ကာလ မြန်မာနိုင်ငံတော်အစိုးရမှာ ပွင့်လင်းမြင်သာသောနိုင်ငံရေးလုပ်ဆောင်မှုများနှင့်အတူ
အထင်အရှားပင်အောင်မြင်မှုရရှိနေသလို သတင်းမီဒီယာအား စတုတ္တ မဏ္ဍိုင်အဖြစ်သတ်မှတ်၍ သတင်းလွတ် လပ်ခွင့်များကို အပြည့်အဝပေးခဲ့သည်အားလည်း တွေ့ရှိခဲ့ရသည်။

သို့ပါသော်လည်း ယခုလို ဌာနဆိုင်ရာဝန်ထမ်းတချို့၏ သတင်းမီဒီယာသမားသတင်းထောက်များအား ဆက်ဆံရေး ညံ့ဖျင်းနေခြင်းသည် နိုင်ငံတော်နှင့်နိုင်ငံသားအားလုံးအတွက် ဆူးညှောင့်ခလုတ်တစ်ခုသဖွယ်ဖြစ်နေ၍ သက်ဆိုင်ရာ ဦးစီး ဌာန၊ ဝန်ကြီးဌာနအကြီးအကဲများမှ ပွင့်လင်းမြင်သာခြင်းနှင့်ပတ်သက်၍ မိမိတို့ဝန်ထမ်းများအားလုံး နားလည် သဘော ပေါက် ရန် အကြိမ်ကြိမ်ပင် ညွှန်ကြားအသိပေးစေလိုကြောင်း ရေးသားဖော်ပြလိုက်သည်။



လင်းလင်း(လားရှိုး)




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates