နိုင်ငံတနိုင်ငံမှာ တပ်မတော်တခုဘဲ ရှိရမှာလား
ဒီကနေ့မှာ ပြည်တွင်းငြိမ်းချမ်းရေးလှိုင်းလုံး နဲ့ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေး ရေစီးကြောင်းအားကြီး လာတဲ့အခါ တိုင်းရင်းသားအခွင့်အရေး၊ ဖက်ဒရယ်အခွင့်အရေးတွေကိုတော့ ပေးနိုင်သလိုလို၊ ဒါပေမဲ့ တိုင်း ရင်း သားတပ်တွေ သီးသန့်တည်ရှိခွင့်မဖြစ်နိုင်ဘဲ တပ်မတော်ဆိုတာ တခုထဲဘဲ ရှိရမှာလိုလို အာဏာရှိတွေက လေသံလွှင့်လာတာ တွေ့ရ ပါတယ်။ တော်ရုံတန် ရုံလူတွေကလည်း ဟုတ်နိုးနိုးထင်နေကြပါတယ်။
ဒါကြောင့် သူတို့ပြောနေသလို တလုံးမှာ နိုင်ငံတိုင်း 'တရားဝင်'တပ်မတော် တခုစီဘဲရှိသလား လေ့လာကြည့်ဖို့ လိုလာပါတယ်။
ပထမဆုံးအနေနဲ့ ဒီမိုကရေစီထိပ်သီးနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းပုံကို ကြည့်ရင် တပ် ၆ တပ်တွေ့ရပါတယ်။ ဒါတွေက ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ကမ်းတက်တပ်၊ ကမ်းစောင့်တပ်၊ ပြည်စောင့်တပ်တို့ဖြစ်ပြီး ကြည်း-ရေ-လေ တပ်တွေဟာ မြန်မာပြည်မှာလို တပေါင်းတည်း ပေါင်းထားတာ မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ လွတ်လပ်ခွင့်နဲ့ ရပ်တည်နေကြတာဖြစ်ပါတယ်။ ကြည်း၊ ရေ၊ လေ၊ ကမ်းတက်တပ်တွေဟာ ကာ ကွယ်ရေးဝန်ကြီးဌာနအောက်က သီးခြားဌာနတွေဖြစ်ပါတယ်။ ၁၉၄၇ မတိုင်ခင်က ကြည်းတပ် ရေတပ် လေတပ်တွေ အတွက် သီးခြားဝန်ကြီးတွေရှိခဲ့ပြီး ခုနောက်ပိုင်းမှာတော့ ကာကွယ်ရေးဝန်ကြီးအောက်မှာ သီးခြား ကြည်း ရေ လေ အတွင်းဝန်တွေကတဆင့် အုပ်ချုပ်ပါတယ်။ ကမ်းစောင့်တပ် (Coast Guard) ကတော့ ဟိုတုံးက ဘဏ္ဍာရေးဝန်ကြီး ဌာနအောက်မှာ အချိန်အကြာကြီးရှိခဲ့ပြီး အခုနောက်ပိုင်းမှာ အမိမြေလုံခြုံရေးဝန်ကြီးဌာနအောက် ရောက်သွားပါ တယ်။ စစ်ရေးအရ အရေးပေါ်ရင် တော့ ရေတပ်အောက်ကို သိမ်းသွင်းခွင့်ရှိပါတယ်။
တပ်တွေကြား အဆက်အစပ်မိ ဟန်ချက်ညီဖို့ အတွက်တော့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ကို ကြည်း၊ ရေ၊ လေ၊ ကမ်း တက်၊ ပြည်စောင့်တပ် ဦးစီးချုပ်တွေနဲ့ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဟာ သမတနဲ့ဝန်ကြီးရဲ့ စစ်ဖက်အကြံပေးတာဝန် နဲ့ ဦး ၁ မပါ ဦး-ရေး-ထောက် တာဝန်ဘဲ အဓိကယူရပြီး စစ်ဆင်ရေးတာဝန်ကိုတော့ စစ်သေနာပတိချုပ်ဖြစ်တဲ့သမတ၊ အရပ်သားဖြစ်တဲ့ကာကွယ်ရေးဝန်ကြီး နဲ့ စစ်တိုင်း ၉ တိုင်းရဲ့ တိုင်းမှူးတွေက တိုက်ရိုက်တာဝန်ယူရပါတယ်။ တိုင်း ၉ တိုင်းမှာ တကမ္ဘာလုံးကို နယ်မြေအရခွဲဝေအခြေခံတဲ့ ၆ တိုင်း နဲ့ နယ်မြေအခြေမခံတဲ့ ၃ တိုင်းပါဝင်ပါတယ်။
စစ်တိုင်းအားလုံးဟာလည်း ကြည်း-ရေ-လေ-ကမ်းတက်တပ်တွေရဲ့ ပူးတွဲ စစ်တိုင်းတွေဖြစ်ပြီး တိုင်းမှူးတွေဟာ ကြည်းတပ်က ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ သီးခြားလွတ်လပ်တဲ့ ကြည်း ရေ လေ တပ်တွေကို ပူးတွဲထားလို့ တိုက်ရည်ခိုက်ရည်နိမ့်မနိမ့်ကတော့ အထူးပြောစရာမလိုပါဘူး၊ အမေရိကန်စစ်သမိုင်းကို ကြည့်ရင် သိနိုင်ပါတယ်။
ပြည်သူ့စစ်တွေကနေ ပေါက်ဖွားလာတဲ့ ပြည်စောင့်တပ် (National Guard) ကတော့ သက်ဆိုင်ရာပြည် နယ်အစိုးရ လက်အောက်မှာဘဲရှိပြီး ကြည်းကြောင်းပြည်စောင့်တပ်နဲ့ လေကြောင်းပြည် စောင့်တပ်တွေပါရှိ ပါတယ်။ ဘတ်ဂျက်နဲ့ အုပ်ချုပ်မှုကိစ္စတွေကိုတော့ ဗဟိုအစိုးရ၊ အမေရိကန်ကြည်းတပ်၊ အမေရိကန်လေ တပ်တွေက တာဝန်ယူပေးပါတယ်။ တခြားလက်နက်ကိုင်တွေဖြစ်တဲ့ ရဲအားလုံးဟာ သက်ဆိုင်ရာပြည်နယ် အစိုးရတွေအောက်မှာဘဲရှိပြီး ပြည်ထောင်စု အစိုးရအောက်ကရဲအဖြစ် FBI က သတ်မှတ်ထားတဲ့အမှု အမျိုးအစားတွေကို ကိုင်တွယ်ပါတယ်။
ဗြိတိန်နိုင်ငံမှာလည်း ကြည်းတပ် ရေတပ် လေတပ်တွေအတွက် သီးခြားဌာနတွေနဲ့ အတွင်းဝန်တွေ ထားပါ တယ်။ ထိပ် မှာတော့ ဦးစီးချုပ်များကော်မတီ၊ ဦးစီးချုပ်၊ ကာကွယ်ရေးကောင်စီ၊ ကာကွယ်ရေးဝန်ကြီး၊ ဝန်ကြီးချုပ်နဲ့ ဘုရင်မတို့ အဆင့်ဆင့်ရှိပါတယ်။ ပြည်စောင့်တပ်မတော် (Territorial Army) ဆိုတဲ့ ပြည်သူ့စစ် ကတော့ ပြည်တွင်းလုံခြုံရေး ဒေသန္တရကာကွယ်ရေးအတွက် ထားတာဖြစ်ပါတယ်။ တကမ္ဘာလုံးကို နယ်ချဲ့ ကိုလိုနီ လုပ်တုံးကဆိုရင် အရှေ့အိန္ဒိယ ကုမ္ပဏီတပ်တွေ သီးခြားရှိခဲ့ပါသေးတယ်။ အိန္ဒိယတနိုင်ငံလုံးကို ကုမ္ပဏီတပ်တွေကဘဲ သိမ်းယူ အုပ်ချုပ်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်-မြန်မာ ပထမနဲ့ဒုတိယစစ်ပွဲတွေမှာလည်း ဗြိတိသျှပင်မတပ်တွေမဟုတ်ဘဲ အရှေ့အိန္ဒိယကုမ္ပဏီတပ်တွေက မြန်မာနိုင်ငံတဝက်လောက်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ကွန်မြူနစ် လက်ဝဲနိုင်ငံဆိုတဲ့ တရုတ်နိုင်ငံမှာတော့ အမေရိကန်လို ကြည်း-ရေ-လေ သီးခြားစီမထားဘဲ တပေါင်းတည်း ဖြစ်ပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် တပ် ၃ တပ်စနစ် ကျင့်သုံးပါတယ်။ အဲဒါတွေ ကတော့ အဓိကတပ်၊ ဒေသ တပ် နဲ့ ပြည်သူ့စစ် ဆိုပြီး သီးခြားကွပ်ကဲမှုကိုယ်စီဖြစ်ပါတယ်။
ကိုးရီးယားစစ်ပွဲကာလတုံးကဆိုရင် ပြည်သူ့အပျော်တမ်း တပ်ဆိုပြီး သီးခြားတပ်တတပ် ရှိခဲ့ပါသေးတယ်။ ဗီယက်နမ်နိုင်ငံနဲ့ ဟိုတုံးကဆိုဗီယက်ရုရှားမှာလည်း အလားတူပုံစံ ဖြစ်ပါတယ်။ ဒေသတပ်နဲ့ပြည်သူ့စစ်တွေ ကို သက်ဆိုင်ရာပြည်နယ်တွေ ဒေသတွေက အဓိကကွပ်ကဲတာဖြစ်ပြီး ထိပ် ဆုံးမှာဘဲ ဗဟိုစစ်ကော်မရှင်အနေနဲ့ လက်နက်ကိုင်တပ်အားလုံးကို ကွပ်ကဲပါတယ်။
လက်ျာလည်းမဟုတ် လက်ဝဲလည်းမဟုတ်တဲ့ အစ္စလမ်နိုင်ငံတွေထဲမှာတော့ အီရန်နိုင်ငံမှာ သမရိုးကျ အီရန်တပ်မ တော်နဲ့ တော်လှန်ရေးကာကွယ်ရေးတပ် (Revolutionary Guards) ဆိုတဲ့ တပ် ၂ တပ်စနစ်သုံးပြီး ထိပ်ဆုံးမှာ အမြင့်ဆုံးဘာသာရေးကောင်စီက ကွပ်ကဲပါတယ်။ နှစ်တပ်စလုံးမှာ သီးသန့် ကြည်း-ရေ-လေတပ်ဖွဲ့တွေ ရှိကြပါတယ်။
သမရိုးကျတပ်မတော်အပြင် သမတနိုင်ငံစောင့်ကာကွယ်ရေးတပ် (Republican Guard) ဆိုပြီး ကြီးကြီးမားမား ဖွဲ့စည်း ထားကြတာတွေလည်း ရှိပါတယ်။ နိုင်ငံတော်တော်များများမှာ ဒီသမတနိုင်ငံစောင့်ကာကွယ်ရေးတပ် တွေကို မြို့တော် ကာကွယ်ရေးအတွက် သီးသန့်ထားကြတာ တွေ့ရပါတယ်။ မကြာသေးတဲ့သမိုင်းမှာလည်း ဆဒ္ဒန်ဟူစိန်လက်ထက် အီရတ်နိုင်ငံမှာ သမတနိုင်ငံစောင့်ကာကွယ်ရေးတပ် ရှိခဲ့ဖူးပြီး ဒုတိယကမ္ဘာစစ်ကာလ ဂျာမဏီနိုင်ငံမှာတော့ ဂျာမန် တပ်မတော်အပြင် SS တပ်တွေ ထားခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံမှာလည်း ကြည်း ရေ လေ သုံးတပ်ဟာ လွတ်လပ်ရေးရခါစက သီးခြားစီရပ်တည်ခဲ့ကြပေမဲ့ စစ်အာဏာရှင် စနစ် ထူထောင်ဖို့ရည်မှန်းနေတဲ့ ဗိုလ်ချုပ်နေဝင်းက အကြောင်းအမျိုးမျိုးပြပြီး ၁၉၅၅ ခု အောက်တိုဘာလကစလို့ တပေါင်းတည်းလုပ်ပစ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ပထမအကြိမ် စစ်အာဏာသိမ်းခေတ်ဖြစ်တဲ့ 'အိမ်စောင့်အစိုးရ' လက် ထက် ၁၉၅၉ ခုနှစ် စက်တင်ဘာလမှာတော့ ဒီလို တပေါင်းတည်းလုပ်မှုကို လွှတ်တော်က 'ဗမာ့တပ်မတော်အက် ဥပဒေ' အဖြစ်ပြဋ္ဌာန်းပေးလိုက်ရတဲ့အတွက် ၁၉၆၂ နဲ့ ၁၉၈၈ အာဏာသိမ်းပွဲတွေအတွက် လမ်းပွင့်သွားခဲ့တာဖြစ်ပါ တယ်။
စစ်အာဏာရှင်နိုင်ငံအများစုမှာလည်း ကြည်း-ရေ-လေ တပေါင်းတည်းလုပ်ထားလေ့ရှိပြီး တခြားဒေသတပ်တွေ တည်ရှိခွင့်မပေးတာ တွေ့ရပါတယ်။
တကယ်တော့ တိုင်းပြည်တပြည်မှာ စစ်တပ်တခုဘဲရှိရမယ် ဆိုတဲ့အယူအဆဟာ လက်တွေ့အခြေအနေနဲ့ ကွဲလွဲနေတဲ့ စိတ်ကူးယဉ်အယူအဆ၊ ခေတ်မမှီတဲ့အတွေးအခေါ်ဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို လမ်းခင်းပေးတဲ့ အခြေခံဖြစ်ပါ တယ်။
ဂါမဏိ
Tags: Feature

