မေလဆူပူမှုကြောင့်ပိတ်ထားသည့် လားရှိုးဂျာမေဗလီ ပြန်လည်ဝတ်ပြု ခွင့်ပြု



lashio မေလကဖြစ်ပွါးခဲ့သော လားရှိုး ပဋိပက္ခ

မေလလယ်ပိုင်းက ဘာသာရေး ပဋိပက္ခများဖြစ်ပွါးခဲ့ပြီးနောက်ပိုင်း လားရှိုးမြို့ အစ္စလာမ် ဘာသာဝင် ဝတ်ပြုကျောင်း “ ဂျာမေ့ ဗလီ” အား သျှမ်းပြည်နယ်အစိုးရက နဂိုပုံမှန်အတိုင်း ဝတ်ပြုခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ အစ္စလာမ်ဘာသာရဲ့ ဥပုသ်လဖြစ်တဲ့အတွက်ကြောင့်   သန့်ရှင်းရေးလုပ်ခွင့်ပေးဖို့နဲ့ ဘုရားဝတ်ပြုခွင့်ပြုဖို့  ဘာသာ ရေးအဖွဲ့အကြီး အကဲတွေက စာတင်တာ။ အဲတာ သျှမ်းပြည်နယ်အစိုးရကနေပြီးတော့မှ ဒီလ ၂၀ ရက်နေ့ကစပြီးတော့ ဘုရားဝတ်ပြုခွင့်ပေးလိုက်ပြီ” -  ဟု လားရှိုးမြို့ အစ္စလာမ် ဘာသာရေးအဖွဲ့ အကြီးအကဲတဦးဖြစ်သော ဒေါက်တာတင် အောင် က သျှမ်းသံတော်ဆင့်အား ပြောပါ သည်။

အစ္စလာမ်ဘာသာ ဥပုဒ်လတွင် သာမာန် ဘုရားဝတ်ပြုချိန်  တရက် ၅ ချိန်ရှိသော်လည်း လက်ရှိအခြေ အနေအရ အစိုးရက ၄ ချိန် သာခွင့်ပေးထားကြောင်း၊ လုံခြုံအေးချမ်း မှုအခြေအနေအပေါ်မူတည်ကာ ဆက်လက်ခွင့်ပြုပေးသွားဖို့ရှိကြောင်း ပြည်နယ်အစိုးရ အကြီးအကဲများကပြောသည်ဟုဆိုပါသည်။

အ ဆိုပါ လားရှိုးဂျာမေအစ္စလာမ်ဘုရားဝတ်ပြုဗလီအား မေလ ၂၈ ရက် အကြမ်းဖက်ဆူပူမှုများဖြစ်ပွါးစဉ် မီးရှို့ဖျက်ဆီးခြင်း ခံရစဉ် ကတည်းက သက်ဆိုင်ရာအာဏာပိုင်များက လုံခြုံရေးအရ စောင့်ကြပ်ပြီး ခေတ္တပိတ်ထားခဲ့ရာ ယခု  ပြန်လည်  ဖွင့်လှစ်ခွင့် ပေးခဲ့ခြင်း ဖြစ်ပါသည်။ 

ထိုစဉ်က အဆိုပါ ဗလီကြီးနှင့်အတူ လမ်းမတော်ရှိ အစ္စလာမ်မိဘမဲ့ကျောင်းသည်လည်း မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။ သို့သော် လားရှိုးမြို့အုပ်ချုပ်မှုပိုင်းဆိုင်ရာအကြီးအကဲများ ၊ ပြည်နယ်အစိုးရအကြီးအကဲများက မိဘမဲ့ကလေးများအတွက် တာဝန် ယူပေးမှု တစုံတရာမရှိခဲ့ကြောင်းလည်း အစ္စလာမ်မိဘမဲ့ကျောင်းမှ ဆရာတစ်ဦးကဆိုပါသည်။

လားရှိုးမြို့တွင် ယခင် အချိန်ကာလများစွာကတည်းက ဒေသခံများ အတူတကွ နေထိုင်လာခဲ့ကြသည်ဖြစ်သော်လည်း  ဤ ကဲ့သို့ဘာသာရေးပြဿနာ ပဋိပက္ခများ ဖြစ်ပွားခြင်း အစဉ်လာ မရှိခဲ့ ဟု မြို့မိ မြို့ဖများကပြောပါသည်။

မေလ ၂၈ ရက်က ဒေသခံ အမျိုးသမီးတဦးအား  အစ္စလာမ်ဘာသာဝင်အမျိုးသားတဦးက ဓါတ်ဆီလောင်းမီးရှို့ခဲ့ရာမှ ထို ကဲ့သို့ ဆူပူမှု မီးရှို့မှုဖြစ်ပွါးလာသည်အထိဖြစ်ခဲ့ရပါသည်။

ပဋိပက္ခအတွင်းပါဝင်ပတ်သက်သည်ဟု ယူဆခံထားရသော လူ ၃၀ ထက်မနည်းကို သက်ဆိုင်ရာက ဖမ်းဆီးထားပြီး  ပြီးခဲ့သည့်လ ၁၂ ရက်နေ့က အက်ဥပဒေ ပုဒ်မ ၅ (၁) (စ) (ဆ) အရတရားစွဲခဲ့သည်။ ထို့နောက် ၎င်းတို့အား ရုံးတင် စစ်ဆေးပြီး ခြေချုပ်နှင့်ခံဝန်အက် ဥပဒေပုဒ်မ (၁၁) အရ (၆) လ အတွင်း (၁၄) ရက်လျှင်တစ်ကြိမ် သက်ဆိုင်ရာရဲစခန်း သို့ ကောင်းမွန် စွာနေ ထိုင်ကျင့်ကြံကြောင်း သတင်းပို့ နေထိုင်သွားရမည်ဟု ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates