မိမိနေအိမ်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင်အကျယ်ချုပ်ခံရ



တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ တွင် နေထိုင်သည့် ပြည်သူ့စစ်ခေါင်းဆောင် တဦး၏နေအိမ်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ၎င်းအားလိုအပ်လျှင်စစ်ဆေးနိုင်ရေးအတွက် မြို့ပြင်၊ တခြားသို့ ခရီးသွားခြင်းမပြုရန် ရဲတပ်ဖွဲ့ နှင့် စစ်တပ်တို့က ညွှန်ကြားထားသည်ဟု ဆိုသည်။


“ဗုံးတလုံးကွဲသွားတယ်။ အမှုစစ်တော့ တခြားလက်နက်တွေ၊ ဗုံးတွေ ထပ်တွေ့တယ်။ သေသူရဲ့ မိသားစုက မကျေနပ်လို့ တိုင်တန်းလို့ ဒီကိစ္စထပ်ပေါ်လာတာ။ အဲဒါကြောင့် တာလေ ပြည်သူ့စစ်ခေါင်းဆောင် အကျယ် ချုပ်ခြင်း ခံရတာပါ” - ဟု အမည်မဖေါ်လိုသည့် ရဲအရှိငယ်တဦးကပြောသည်။


သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲတွင် နေထိုင်သည့် ပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လတ် နှင့် အဖွဲ့ဝင်များသည်အစိုးရခွင့်ပြုချက်ဖြင့် လက်နက်ကိုင်ဆောင်ခွင့်ရှိသော်လည်း၊ လိုင်စင်မဲ့ (စာရင်းမတင်ရသေးသည့်) အခြားလက်နက်များ ကိုင်ဆောင်ခွင့် မရှိ ဟုဆိုသည်။ အဆိုပါ ပြဿနာကြောင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဖြစ်သည့် ၎င်း၏သား သန့်ဇင်လတ်ကလည်း ရာထူးမှ ခေတ္တဆိုင်းငံ့ခံထားရပြီး ဖခင်ဖြစ်သူနှင့်အတူ ခြေချုပ်ခြင်းခံရသည်ဟု လည်းပြောပါသည်။


“အမှုစစ်ဆေးတာမပြီးမချင်း  သူ့ကိုသားအဖ ဘယ်မှ မသွားစေရပါဘူးဆိုပြီး သူ့နဲ့ နီးစပ်တဲ့ အမျိုးတွေ၊ အသိမိတ်ဆွေ တွေက ဝန်ခံကတိ လက်မှတ်ထိုးထားရတာ။  သူ့မှာလဲ အိမ်တွေ အများကြီးဘဲလေ။ တာချီလိတ်မှာ၊ တာလေ မုံးကိုးမှာ၊ တာလေမြို့နယ်ခွဲ မြို့ပေါ်မှာ အများကြီးရှိတယ်။ သူက လုပ်ငန်းစုံတယ်၊ ပြိုင်ဘက်လဲများတယ်။ မနာလိုတဲ့သူလဲများတယ်။ စားရတဲ့သူတွေကတော့ တမျိုးပေါ့” - ဟု တာလေမြို့နယ်ခွဲ မုံးကိုးကျေးရွာ နေထိုင် နန်းအိန် က ပြောသည်။


တာလေမြို့နယ်ခွဲ ပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လတ်သည် ဒေသအတွင်း တွင်းထွက်၊ သတ္တု၊ သစ်၊  နှင့် အခြားစီးပွားရေးလုပ်ကွက်များ ချုပ်ကိုင်ထားနိုင်သူဖြစ်ကြောင်း ဆိုသည်။


ဗုံးပေါက်ကွဲ မှုကြောင့် သေဆုံးသူမှာ မြန်မာအမျိုးသား မဟုတ်ဘဲ သတ္တုကျွမ်းကျင်ပညာရှင် တရုတ်အမျိုး သား တဦးဖြစ်ကြောင်း၊ သေဆုံးသူနှင့်အတူ ဗုံးပေါက်ကွဲမှုတွင်ပါဝင်ပြီး ဒဏ်ရာသူတဦးကလည်း တရုတ် အမျိုးသား သာဖြစ်ကြောင်း၊ ၎င်းတို့မိသားစုများမကျေနပ်သောကြောင့် တိုင်တန်းရာမှ ဦးခင်မောင်လတ် အကျယ်ချုပ်ခြင်းခံရကြောင်း ဒေသအတွင်းအကြီးအကဲ တဦးဖြစ်သည့် ဦးစိုင်းတွီ က ပြောသည်။


၂၀၁၃ ဩဂတ်စ် ၁၂ ရက်  နေ့ခင်းပိုင်းတွင် တာလေမြို့နယ်ခွဲ  ပြည်သူ့စစ်ခေါင်းဆောင်၏ မုံးကိုးကျေးရွာ (ခမယ ၃၁၆ တပ်ရင်း အနီး) ရှိ နေအိမ် ဧည့်ခန်းအတွင်း ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့သည်။ အမှုစစ်ဆေးရာတွင် ၎င်းက ဗုံးပေါက်ကွဲမှုမဟုတ်ဘဲ ဂက်စ်အိုးပေါက်ကွဲခြင်းသာဖြစ်သည်ဟု ရဲစခန်းတွင်ထွက်ဆိုထားသည်ဟုဆိုသည်။ သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ အဆိုပါ ဗုံးကွဲမှုသည် လုပ်ကြံမှုတခုဖြစ်သည်ဟုဆိုသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates