လားရှိုးမန်ဆူဆရာတော်ဘုရားအား မြန်မာနိုင်ငံသားများအတုယူသင့် ကုလ ကိုယ်စားလှယ်ပြော



QTN at LSOမီးရှို့ခံရ ဗလီအား မစ္စတာကင်တားနားက ကြည့်ရှုစစ်ဆေးစဉ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရောက်ရှိစဉ်က မန်ဆူဆရာတော်ဘုရားနှင့်သွားရောက်တွေ့ဆုံပြီးနောက် ဒုက္ခရောက် နေသူ များအား လူမျိုးဘာသာမရွေးဘဲ စိုးရိမ်ပူပန်မှုဖြင့် ကူညီပေးသည့်  ဆရာတော်ဘုရားအား မြန်မာနိုင်ငံသားများ အတုယူသင့် ကြောင်းမှတ်တမ်းတင်ပြောဆိုခဲ့ပါသည်။ 

“ ဆရာတော်က လူမျိုးဘာသာမရွေးဘဲ ဒုက္ခရောက်နေသူကိုကူညီနေတာ အလုပ်သင့်ဆုံး အလုပ်တခုဖြစ်တယ်။ လားရှိုးလူထုသာမက မြန်မာတနိုင်ငံလုံးက အတုယူ သင့်တယ်- လို့ပြောသွားတယ်။ ကင်တားနား လားရှိုးကို ရောက် လာတာ အဓိကကတော့ မေလက ပဋိပက္ခ ဖြစ်ခဲ့တာကိုဘဲ မေးမြန်းသွားတယ်။ ဘာသာရေးခေါင်း ဆောင် တွေနဲ့လဲ တွေ့ဆုံခဲ့တယ်။ သူသိချင်တာတွေမေးမြန်းသွားခဲ့တယ်။ ”  ဟု ခရီးစဉ်တွင်လိုက်ပါ လေ့လာ ခဲ့သော လားရှိုးဒေသခံ ဦးအယ်လ်တူးက ပြောသည်။

မေလနှောင်းပိုင်းက သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် ဒေသခံ အမျိုးသမီးတဦးအား မူဆလင်ဘာသာဝင် အမျိုးသားတဦးက ဓါတ်ဆီလောင်းမီးရှို့ရာမှ ဘာသာရေးပဋိပက္ခ ဖြစ်ပွါးခဲ့သည်။ ပဋိပက္ခကြောင့် ဗလီနှင့် မိဘမဲ့ဂေဟာ၊ လူနေအိမ်များမီးရှို့ခံရပြီး ၅ ဦးဒဏ်ရာရရှိကာ ၁ ဦးသေဆုံးခဲ့ပါသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သောမတ်စ် အိုဟေး ကင်တားနားသည် သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့သို့ ယခုလ ၁၈ ရက်နေ့က ရောက်ရှိခဲ့ခြင်းဖြစ်သည်။

လားရှိုးမြို့ ရပ်ကွက်(၁၂) ရှိ အကျဉ်းဦးစီးဌာနသို့ သွားရောက်ကာ အကျဉ်းသားများနှင့်တွေ့ဆုံခြင်း၊ ကျောင်း ထိုင်ဆရာတော် ဘဒ္ဒန္တဦးပုညအားတွေ့ဆုံဂါဝရပြုပြီး မေလ ပဋိပက္ခဖြစ်ပွါးစဉ်ကသိလိုသည်  များမေးမြန်း ခြင်း၊ ထိုမှတဆင့် ဓါတ်ဆီလောင်းမီးလျှို့ ခံခဲ့ရသူ မအေးအေးဝင်း၏ ( လားရှိုးမြို့ ရပ်ကွက်(၈)ရှိ )နေအိမ်သို့ သွားရောက်ခဲ့ပြီး မအေးအေးဝင်းနှင့် တွေ့ဆုံ ခဲ့ကြောင်းသိရှိရသည်။

၎င်းတည်းခိုသည့် Golden Hill ဟိုတယ်တွင် အစိုးရအာဏာပိုင်များအားလက်ခံတွေ့ဆုံခဲ့ပြီး တိုင်းရင်းသား အဖွဲ့များဖြစ်သည့် ကချင်၊ လားဟူ ၊ တအာင်း တိုင်းရင်းသားလူမှုအဖွဲ့အစည်းများ နှင့် လည်း တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံစဉ် ယခုခရီးစဉ်မှာ လူ့အခွင့် အရေးနှင့်ပတ်သက်သည့် အချက်အလက်များကိုသာကောက်ယူရန် သာဖြစ်ကြောင်းပြောဆိုခဲ့သည်ဟု ဦးအယ်လ်တူးက ပြောပါသည်။

“သူက မြို့လယ်ဈေးနားက ဂျာမေး ဗလီမီးရှို့ခံရတဲ့အခြေအနေကို သွားရောက်ကြည့်ရှုလေ့လာခဲ့တယ်။ သူတို့ဘာသာရေး ခေါင်းဆောင် ဒေါက်တာတင်အောင်နဲ့တွေ့ဆုံခဲ့တယ်။ နောက်ပြီးတော့ မီးရှို့ဖျက်ဆီးခံရတဲ့ ကြက်ခြေနီရုံးရှေ့က မီးရှို့ခံရတဲ့ အစ္စလာမ်မိဘမဲ့ကျောင်းကိုလည်းသွားရောက်ကြည့်ရှုခဲ့တယ်။ လားရှိုးမှာ တည အိပ်ပြီးတော့ မနက်ကျတော့ သီပေါ နဲ့ နမ့်ဆန်ဘက်ကိုဆက်သွားတယ်” - ဟုဆိုပါသည်။

မြန်မာနိုင်ငံ ၏ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သောမတ်စ် အိုဟေး ကင်တားနားသည် ကုလ သမဂ္ဂ သို့ အစီရင်ခံစာတင်ပြရန်  သြဂုတ်လ ၁၁ ရက်နေ့ကတည်းက မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး ရခိုင်ပြည် နယ်၊ ချင်းပြည်နယ် ၊ မိထိလာမြို့နယ်၊ သျှမ်းပြည်နယ်၊ ကချင်ပြည်နယ် တို့တွင်ရောက်ရှိကာ လူ့အခွင့်အရေး ချိုး ဖောက်ခံရမှုနှင့်ပတ်သက်သည့် အချက်အလက်များကို ကောက်ယူခဲ့သည်။ ခရီးစဉ်အတော် များများတွင် ဆန္ဒပြခြင်းခံရသဖြင့် သြဂုတ်လ ၂၂ ရက်နေ့မြန် မာပြည်မှပြန်လည် မထွက်ခွါမီလေယာဉ်ကွင်းတွင် မြန်မာ အာဏာပိုင်များမှ လုံခြုံရေး ကောင်းစွာမပေးနိုင်  ဟု ပြစ်တင်ပြောဆိုသွားခဲ့ပါ သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates