1996 ကတည်းကသိမ်းဆည်းခံ ယာမြေများပြန်ပေးရန် ကြူကုတ်ဒေသခံများတောင်းဆို
သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲဘက်တွင် ယခင် အစိုးရလက်ထက်ကတည်းက သိမ်းဆည်းလိုက်သော လယ်ယာမြေများကို ဒေသခံက ပြန်လည်တောင်းဆို နေကြောင်း ဒေသတွင်းသတင်း ရပ်ကွက်ကဆို ပါသည်။
၁၉၉၆ က လားရှိုးအခြေစိုက်စစ်တိုင်းမှူးက တရုတ်လောပန်းများနှင့် ပူးပေါင်းကာ ပန်ဆိုင်းမြို့နယ် (ကြူကုတ်) နမ့်တောင်းရွာ ဒေသခံတောင်သူ အိမ်ထောင်စု ၃၇ ခု ပိုင်ဆိုင်သည့် မြေဧရိယာ ၃၃၈ ဧက အား ရာဘာခြံစိုက်ခင်း အတွက် သိမ်းယူထားကြောင်း၊ ထို့အပြင် ၂၀၀၆ တကြိမ်၊ ၂၀၀၈ က တကြိမ် ယာမြေများအား ထပ်မံ သိမ်းပိုက်ကြောင်း အုပ်ချုပ်ရေးမှူးအသိုင်းအဝိုင်းက ပြောသည်။
“လုံယောဝ်းရေထွက ချောင်းဦးက အဲဒီကြံစိုက်ခင်း တွေက ဓါတုဆေးပါမြေဩဇာတွေ ပိုးသတ်ဆေးတွေသုံးတော့ ဓါတုဆေးရည်တွေ က သောက်သုံးရေထဲ စီးဝင်တယ်။ ကြာလာရင် ကျနော်တို့သား သမီးမြေး မြစ်တွေရဲ့ ဘ၀ အတွက် စိုးရိမ်ရတယ်။ အခုအစိုးရလက်ထက်မှာလဲ အသိမ်းခံရတဲ့လယ်မြေတွေ ပြန်ပေးနေ ပြီဖြစ် တဲ့အတွက် ကျနော်တို့ ပြန်စုပြီး တောင်းနေကြတာပါ” ဟု ဒေသခံ အိုက်ဆမ်က ပြောသည်။
သိမ်းယူစဉ်က စစ်တပ်ပိုင် ရော်ဘာစိုက်ပျိုးမည်ဟု ဆိုသော်လည်း တရုတ်သူဌေးများဖြစ်ကြသည့် ဦးဟော်မြင့်လီ၊ ဦးဟူကောင်ဟုန် ၊ ဒေါ်ဟော်ရှီကွမ်းတို့က ပိုင်ရှင်အဖြစ်ခံယူကာ မြန်မာနိုင်ငံသားမဟုတ်သည့် တရုတ်လူမျိုးများ အား ကြံစိုက်ရန် ငှားပေးလိုက်ခြင်းဖြစ်ကြောင်း၊ တလလျှင်မြေငှားခ တဧက ယွမ်ငွေ ၅၀၀ ရရှိ ကြောင်း၊ ရေထွက် ဦး တောလည်း ခုတ်ရှင်းကာကြံများတိုးချဲ့စိုက်ပျိုးလာကြောင်း၊ ဓါတုဆေးသုံးသည့် ကြံစိုက်ပျိုးမှုကိုရပ်တန့်ကာ တောင်သူများအား ယာမြေ၊ စားကျက်မြေ ပြန်ပေးရန် တောင်း ဆိုခြင်း ဖြစ်ကြောင်း ပြောသည်။
ဝမ့်နမ့်တောင်းရွာတွင် အိမ်ခြေ ၂၇၀ ကျော်ရှိပြီး လူဦးရေ ၁၀၀၀ ကျော်ရှိသည်ဟုဆိုသည်။
“ဒီကြံစိုက်ခင်းအတွက် အသုံးပြုတဲ့ ဓါမြေဩဇာတွေ၊ ဓါတုဆေးရေတွေ၊ ပိုးသတ်ဆေးတွေက လုံယောဝ်းရေထွက် ဦးထဲ စီးဝင်တော့ ရွာကို အဆိပ်ခတ်ထားသလိုဖြစ်နေတယ်။ ဒါ့ကြောင့် ဒီအကြောင်း လွှတ်တော်ထဲမှာတင်ပြဖို့ အမတ်တွေကို ကျနော်တို့ တင်ပြဖူးတယ်။ တကယ်လဲ လွှတ်တော် ထဲမှာ ဆွေးနွေးကြတယ်။ မြေယာပိုင်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေလဲ လာရောက်ကြည့်ရှုတိုင်းတာတယ်။ ဒီဘက်မှာ လယ်ယာလာစိုက်စားနေတဲ့ တရားမဝင် တရုတ်နိုင်ငံသား ၄ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထားတယ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က။ တရုတ် ၄ ဦးကို အမှုစစ်နေတုန်းဘဲအခု၊ သူတို့ ၄ ယောက်လုံးက မြန်မာနိုင်ငံသား အထောက်အထား ဘာတခုမှ မရှိဘူး ” ဟု ကိုဒန်မော် ပြောပါသည်။
မကြာသေးခင်က ပြည်ထောင်စု အစိုးရ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ကာကွယ်ရေးဦးစီးဌာနအောက်ရှိ စစ်တိုင်းရုံးတိုင်းအား- လူထုထံမှ သိမ်းယူထားသော လယ်ယာမြေများပြန်ပေးရန် ဆင့်ဆိုညွှန်ကြားထားသည်ဟု လည်း သိရပါသည်။
Tags: Human Right, News