လနှင့်ချီကာ ရွာအတွင်းအစိုးရတပ်အခြေချလှုပ်ရှား ဒေသခံများစိတ်သောကရောက်






001-သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း၌ သျှမ်းတပ်ဖွဲ့လှုပ်ရှားသည်ဟုဆိုကာ မြန်မာစစ်ကြောင်း က ရွာထဲစခန်းချ ရွာသားများ၏ ခြံထွက်ပစ္စည်များ ထင်းများ ယူငင်သုံးစွဲကာ နေ့စဉ်တောနင်းလိုက်ရှာနေသဖြင့်  ရွာသားများ စားဝတ် နေရေးအတွက်ထိခိုက်ရကြောင်း ဒေသတွင်းသတင်းရပ် ကွက်ကဆိုပါ သည်။

စက်တင်ဘာလနှောင်းပိုင်းကတည်းက သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ဘက် အစိုးရတပ် ခလယ ၆၈၊ ခမယ ၃၂၄၊ ၅၀၃၊ ၅၀၄ နှင့် ၇၀၁ တပ်များ ကျေးရွာအတွင်း ဝင်ရောက်စခန်းချကာ အနီးပတ်ဝန်းကျင်တောတွင်းသို့ သျှမ်းစစ်သား များအား လိုက်ရှာကြောင်း၊ ရွာအတွင်း လချီ၍နေထိုင်သဖြင့် ရွာသားများ အခက်တွေ့ရကြောင်း မိုင်းယင်ဒေသခံ စိုင်းဆိုင်က ပြောပါသည်။

“ပန်လုံ၊ မန်ဆာ၊ နမ့်ဆီလင်း၊နောင်ငင်း၊ မန်မိုင်၊ ဆန်ခါ၊ မိုင်းမု၊ နားကျဲ၊ ပိန်းလုံ ၊နားပုံ၊ ညောင်ဆွယ် နားမတ်၊ ပန်ချင်၊ နားဆိုင်း ရွာတွေမှာ စခန်းချလိုက် သွားလိုက် နဲ့ ၂ လ နီးပါးရှိပြီ။ နောင်ငင်းရွာမှာ ဆိုရင် ခမရ ၅၀၃ မှ ဗိုလ်ကြီးအောင်ဇော်လတ် ဦး ဆောင်တဲ့ အင်အား ၈၀ ကျော်ပါအဖွဲ့က ၁ လ လောက်ကြာတယ်။ မီးဖိုဆောင်က ဆန် ဆီ ဆား အချိုမှုန့် တွေယူစားတယ်။ အိမ်ကစိုက်ထားတဲ့ ငရုပ်သီး ခရမ်းချဉ်သီး အစရှိခြံထွက်ဟင်း သီးဟင်းရွက်ခူးစားတယ်။ အိမ်ရှင်ရဲ့ကြက်ဝက်တွေကို ပေါ်စားတယ်။ နေ့နေ့ညည မီးပုံမွေးထားတော့ ထင်းပုံ တလံစာက ခဏနဲ့ ကုန်သွားတာ။ ဆိုတော့ ရွာသားတွေအတွက် အခက်တွေ့နေတယ်။” ဟု ဒေသခံစိုင်းခမ်းက ပြောပြသည်။

ယခုမိုးတွင်းကာလ ရွာသားများထင်းသွားမခုတ်နိုင်သေးသဖြင့် မိသားစုသုံးရန်တနှစ်စာထင်းပုံကို မြန်မာစစ်ကြောင်းက အကုန်အစင် သုံးပစ်လိုက် ခြင်းစသည့်အခက်အခဲများလည်း ရင်ဆိုင်နေရကြောင်း ရွာသူ ပါ့ခမ်းယင်းက ပြောဆိုပါသည်။

“ ရွာထိပ်က  အိမ်ဆိုရင် စစ်ကြောင်းကသူတို့အိမ်မှာလာတည်းတာလေ။ ပြန်အထွက်မှာ အိမ်ရှင်ရဲ့ ပစ္စည်းတွေပါ မ သွားတာ။ အချို့ဆိုရင်လဲ ရွာကနေ တောထဲကို မနက်ပိုင်းထွက်သွား ညဆိုပြန်လာ ရွာမှာပြန်လာအိပ် အဲလို တပတ် ၁၀ ရက်နေ တတ်တယ်။ အိမ်ကိုထားပြီး လယ်၊ ခြံမဆင်းနိုင်၊ သမီးပျိုတွေရှိရင်လဲ စိတ်ပူရတာပေါ့၊ အမျိုးသားကို ရိုက်နှက်ပြီး သျှမ်းသူပုန်သတင်းမေးတတ်တော့ ကြောက်ရတာပဲ။ သူတို့က အိမ်မှာ  လာအောင်းနေတော့စိတ်သောက ရောက်ရတာ ပေါ့ရှင်။ ငြိမ်းချမ်းရေးလုပ်နေပြီလို့လဲပြောတယ်။ ဘာလို့ တဖွဲ့နဲ့တဖွဲ့ လိုက်ရှာ လိုက်တိုက် နေကြသေးတာလဲ မသိပါဘူး” ဟု ပါ့ခမ်းယင်း ကပြောပါသည်။

မြန်မာစစ်တပ်ပိုင်းဆိုင်ရာအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူထုအား ပစ္စည်းတောင်းခြင်း၊ ချောဆွဲခြင်း၊ ရိုက်နှက်စစ်ဆေးခြင်း၊ လမ်းပြစေခိုင်းခြင်း မလုပ်ရန် တပ်ထု တပ်သားအားလုံးအား ယခင်လကုန်က ညွှန်ကြားထားသည်ဟု တပ်မတော်အသိုင်းအဝိုင်းကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူ ၊မိုင်းယင်အုပ်စုတွင် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP နှင့်မြန်မာအစိုးရ၏ တပ်မတော်တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွါးပြီးနောက်ပိုင်း မြန်မာအစိုးရတပ်က ထိုသို့ ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှား လာခဲ့သည်ဟု ရွာခံများ ကပြောပါသည်။

မြန်မာအစိုးရနှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်တို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ် ထိုးထားသည့် တပ်ဖွဲ့များဖြစ်ကြသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates