အစိုးရတပ်နှင့် RCSS ဟိုမိန်းမြို့နယ်ခွဲအတွင်း ရင်ဆိုင်တိုက်ပွဲဖြစ်



004 0910  spdcandssa
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲအတွင်း အခြေစိုက် လှုပ်ရှားသည့် အစိုးရ တပ် စစ်ကြောင်းတကြောင်း နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသ အတွင်းသတင်းရပ်ကွက်က ပြောသည်။

အောက်တိုဘာ ၆ ရက် ပြီးခဲ့သည့် တနင်္ဂနွေနေ့က သျှမ်းပြည်တပ်မတော် အမှတ် ၆ စစ်ဒေသ လက် အောက်ခံ တပ်ဖွဲ့က ဟိုမိန်းမြို့နယ်ခွဲ မယ့်အောလုံရွာ အနောက်တောင်ဘက် တောလှည့်စဉ် အစိုးရတပ် ခလရ ၂၈၇ ဗိုလ်ကြီးကျော်သူရ ဦးဆောင်သည့် စစ်ကြောင်းနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့တပ်သားသုံးဦး တောထဲ ဟင်းလိုက်ရှာတာ။ အစိုးရတပ်က အမ် ၇၉ နဲ့ နှစ်လုံးအရင် ထုတာ။ ပြီးတော့ ကျနော် တို့ရှိရာကို တက်လာတယ်။ အဲဒီအချိန်ကျမှ သူတို့ကို ၄ ယောက် ၄ တောင့်ပြန်ပစ်ပြီးဆုတ်ပေးလိုက်တယ်” - ဟု အမှတ် ၆ စစ်ဒေသမှူးက ပြောပါသည်။

အဆိုပါ ရင်ဆိုင်တိုက်ပွဲတွင် အစိုးရတပ်ဘက်က အင်အား ၁၅ ယောက်ခန့်ရှိကြောင်း၊ သျှမ်းပြည် တပ် မတော်ဘက်တွင် ၄ ဦးသာရှိကြောင်း၊ တိုက်ပွဲကြောင့် အစိုးရတပ်ဘက် တပ်ကြီးအဆင့်တဦး၊ ရဲဘော် နှစ်ဦး  ဒဏ်ရာရ ရှိကြောင်း ဟိုမိန်းမြို့ အခြေစိုက် ပြည်သူ့စစ်အရာရှိတဦးက ပြောပြသည်။

“ကျနော်တို့အတွက်က သွားလာနေကျနေရာဘဲလေ။  မနေ့ကတော့ အစိုးရတပ်မှာ သေနတ်ဖေါက်သံ သုံးလေးချက်ကြား ရတယ်။ ဒဏ်ရာရသွားတဲ့တပ်ကြီးတဦးက ဆုံးသွားပြီလို့ နီးစပ်တဲ့ သူတွေလာပြော တယ်။ လင်းခေးဆေးရုံကိုလဲ တယောက် ပို့ထားတယ်ပြောတယ်” - ဟု RCSS တပ်မှူးက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးမကြာမီ အဆိုပါ အစိုးရစစ်ကြောင်းသည် လယ်ဆင်းသည့် စိုင်းကော နှင့် စိုင်းဝဲ့ အား  ပစ်ခတ်ခဲ့ သေး ကြောင်း၊ သို့သော် ထိခိုက်မှုမရှိဘဲ ချောင်းရေအတွင်းခုန်ဆင်း၍ ထွက်ပြေးလွှတ်မြောက် သွားကြောင်းနီးစပ်သည့် ရွာသားများက ပြောပါသည်။

ယမန်နေ့ကလည်း အလားတူ ကွန်ဟိန်းမြို့နယ် ကျိန်းလုံးအုပ်စုဘက်တွင် ကွန်ဟိန်းခြေစိုက် ခလရ ၁၅၀ နှင့် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့သေးကြောင်း သို့သော် နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သျှမ်းပြည်တပ်မတော်ဘက်မှ အရာရှိတဦးက အတည်ပြုပြောဆိုပါသည်။

မြန်မာအစိုးရ တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူထုအား ချောဆွဲက လမ်းပြခြင်း၊ အနိုင်ကျင့်စေ ခိုင်းခြင်း၊ လူ့အခွင့်အရေးချိုးဖေါက်ခြင်းများလုံးဝ မပြုလုပ်ရန် ညွှန်ကြား ထားပြီးဖြစ်သော်လည်း ယခုကဲ့သို့ ပစ်ခတ်ခြိမ်း ခြောက်မှုမဖြစ်သင့်ကြောင်း၊ ထို့ကြောင့် အချက် အလက်များစုဆောင်းကာ လွှတ်တော်အတွင်းတင်ပြသွားမည်ဖြစ်ကြောင်း ကျားဖြူအမတ် တဦးက ပြောသည်။

တောင်ပိုင်းသျှမ်းပြည်တပ်မတော်အမည်ရ RCSS/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates