SSPP ဌာနချုပ်၌ သျှမ်း(မြောက်) လူငယ် မြို့နယ်အဆင့် ဘောလုံးပြိုင်ပွဲကျင်းပ




သျှမ်းပြည်တိုးတက်ရေးပါတီ SSPP က  ကမကထပြုသည့် သျှမ်းပြည်မြောက်ပိုင်း မြို့နယ်အဆင့် သျှမ်းလူငယ်ဘောလုံး အသင်းများ ပြိုင်ပွဲကို ဌာနချုပ် ဝမ့်ဟိုင်း၌ ၂၁၀၈ ခု သျှမ်းနှစ်သစ်ကူးပွဲတော်အထိ ကျင်းပသွားမည်ဟု သိရပါသည်။

နိုဝင်ဘာ ၁၅ ရက်နေ့မှ သျှမ်းနှစ်သစ်ကူးပွဲတော် ဒီဇင်ဘာလ ၃ ရက် အထိ ပြိုင်ပွဲဝင်မည့် သျှမ်းလူငယ်ဘောလုံးအသင်း များမှာ မိုင်းနောင်၊ ကျေးသီး၊ မိုင်းရှူး၊ သီပေါ၊ ကျောက်မဲ၊ မိုင်းမိတ်၊ မိုးကုတ် စသည့်မြို့နယ် ၁၂ ခု မှ ဘောလုံး အသင်း ၂၇ သင်း ပါဝင်ယှဉ်ပြိုင်ကြသည်ဟု ဆိုသည်။

‘ဘောလုံးအသင်းတွေကို တသင်း ကျပ် ၅ သိန်းထောက်ပံ့တယ်။ ဝမ့်ဟိုင်းဌာနချုပ်ကနေ ကူညီတယ်။ လာတဲ့ လမ်းခရီး အနီးအဝေးအလိုက် လမ်းစရိတ် ထောက်ပံ့တာတွေရှိတယ်” - ဟု မိုးကုတ်သား စိုင်းလိန် က ပြောသည်။

ပြိုင်ပွဲဝင်ဆုရအသင်းများအား ဝမ့်ဟိုင်း၌ ကျင်းပမည့် သျှမ်းနှစ်သစ်ကူးပွဲတော်အခမ်းအနား၌ ဆုချီးမြှင့်ပေးမည်ဟုလည်း သျှမ်းပြည်အလယ်ပိုင်းလူငယ်ခေါင်းဆောင် စိုင်းစွမ်မိဏ်း ကပြောသည်။

နောင်ချိုမြို့နယ်မှ ဘောလုံးအသင်းဝင်တဦးကလည်း ‘အရင်က ဝမ့်ဟိုင်းလို့ပြောရင် ခေါင်းခါချင် ကြတယ်။ လုံခြုံရေး အတွက် စိတ်ပူရမလိုလို၊ အခုရောက်လာတော့ ထင်ထားတာနဲ့ တခြားစီဘဲ၊ အတွေ့အကြုံလဲရပါတယ်။ သူငယ်ချင်း သစ် တွေလဲ အများကြီးရတယ်လေ’ ဟု ပြောသည်။

ဘောလုံးပွဲဖြစ်မြောက်ရေးကော်မတီဝင် လူငယ်စိုင်းဆိုင်ဟန်က- အားကစားမြှင့်တင်ရေး၊ လူငယ်ချစ်ကြည်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းပြောသည်။

ယခုကျင်းပသည့်ဘောလုံးပွဲသည် တတိယအကြိမ်ဖြစ်သော်လည်း ယခင်နှစ်များထက် ပါဝင်ယှဉ်ပြိုင်သည့် ဘောလုံး အသင်း ပိုများလာသည်ဟု ဆိုသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates