ကျနော်လူကြီးဖြစ်မှ မေးမယ်



လင်းခေးမြို့  ပြည်သူ့ အားကစားကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ရေး မပြင်ရေးအတွက် လာရောက် ဟောပြောပါတယ်။  တက်ရောက် နားထောင်တဲ့ ပရိသတ် ၂၀၀၀ ကျော်ကျော်လောက် ရှိပါ တယ်။ ဂျန္နဝါရီလ ၂၅ ရက် စနေနေ့ ဖြစ်တဲ့အလျောက် အစိုးရ ဝန်ထမ်းတွေရော မြို့တွင်းမြို့ပြင် ကျေး လက် တောရွာက ပါမကျန် လူထု အတော် အစုံအလင် တွေ့ရပါတယ်။


ဒါပေမယ့် အဲဒီကွင်းထဲ  ရောက်ရှိဟောပြောနေတဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ကမ္ဘာ့အထင် ကရပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါလို့   ရောက်ရှိလာတဲ့ ပရိသတ်တချို့တဝက်က မသိကြ ပါဘူး။  တချို့တဝက်က တော့သိပါတယ်။ အဲဒီထဲက တချို့တဝက်က လေးစားကြလွန်းလို့ လာကြ တယ်။ တချို့တဝက်ကလဲ နာမည်ကြီးလို့ မြင်ဖူးချင်လို့လာကြတယ်။ အဲဒီအထဲမှာ ဓါတ်ပုံဦးအောင် ရိုက်ပြီး ဖေ့စ်ဘုတ်ပေါ် တင်ဖို့ ဆိုတာကလဲအများအပြားပါ။ 

NLD flag
အဲဒီလူအုပ်တွေထဲမှာ ‘စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကိုလိုချင်ပါတယ်’ ဆိုတဲ့ စာတမ်းနဲ့ ဆင်တူ အင်္ကျီဝတ်ဆင်ထားကြတဲ့ လူငယ်တွေထဲက တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ဆီကို မေးချင်တယ်လို့ ကြားရပါတယ်။


ဘာမေးမလဲလို့ သူ့ကိုမေးကြည့်တော့ သူက- “ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံကနေ ပြည်ထောင်စုကို စတင်တည်ထောင်ခဲ့တယ်။ အဲဒီကနေ ဒုတိယကျွန်သက်တမ်းဘ၀ ကျနော်တို့ ထပ်ရောက်ခဲ့ရတယ်။ အဲဒါ သူမပြန်ဖြေရှင်းပေးဖို့အစီအစဉ်ရှိလားပေါ့”


ဒါပေမယ့် အဲဒီမေးခွန်းကို သူဘော်လုံးကွင်းမှာ မေးခွင့်မရလိုက်ပါဘူး။


လင်းခေးမြို့နယ် မြောက်ဘက်ခြမ်းကျေးရွာတွေကနေ ထော်လဂျီစီးပြီး ရွာသားတွေ  တကူးတက လာ ရောက် ကြိုဆိုကြတယ်။ တချို့ကလဲ လမ်းလျှောက်လာကြတယ်တောင်ကြားရပါတယ်။ ခွပ်ဒေါင်း နဲ့ ကြယ်တပွင့်ပါ အလံနီလေး တွေကိုင်ပြီး ဘော်လုံးကွင်းကိုချီတက်လာတဲ့ အဲဒီရွာသားတွေထဲက အသက် ၅၀ ကျော် အရွယ် အမျိုး သမီးတဦးကိုမေးတော့ -


“ကျမတို့ရွာက ဇုန်အန် (ကျိုင်းတောင်းရေတံခွန်) ရေတံခွန်ကြီးနဲ့ သိပ်မဝေးဘူး။ ရွာမှာ မီးမရဘူးလေ။ လာကြိုရင် မီးရမယ်ဆိုလို့ လာတာ။ ကျမတို့ရွာအတွက်မီးပေးရင် ကျမတို့ အိမ်ကို မပေးဘဲ နေမှာ စိုးလို့” - တဲ့။

ဘယ်သူ့ကိုလာကြိုမလဲ လို့မေးတော့ ‘​ဒေါ်အောင်ဆန်းစုကြည်ကို လာကြိုတာပါလို့မပြောပဲ’ ဟင့်အင်း မသိပါဘူးလို့ ပြောသယောင် ခေါင်းခါပြပါတယ်။


လင်းခေးခရိုင် မိုးနဲ မြို့နယ် ကျိုင်းတောင်းမြို့နယ်ခွဲမှာ မြန်မာနိုင်ငံက လျှပ်စစ်ဓါတ်အား အများဆုံး ထုတ်လွှတ်ပေးနိုင်တဲ့ ကျိုင်းတောင်းရေအားလျှပ်စစ်စက်ရုံ ရှိပါတယ်။ အဲဒီရေအားလျှပ်စစ် စက်ရုံဟာ လင်းခေးမြို့နယ် မြောက်ဘက်ခြမ်း နောင်လုံကျေးရွာအုပ်စုနဲ့ ကပ်လျက်ရှိနေပါတယ်။


ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်က လင်းခေးသူလင်းခေးသားတွေအတွက် အခြေခံလူနေမှုဘ၀ တိုး တက်ရေးရဲ့ပထမအဆင့်ဖြစ်တဲ့ လျှပ်စစ်မီးလင်းရေးအတွက် တခွန်းမှဟ မသွားပါဘူး။


ဖွဲ့စည်းပုံပြင်ချင်တဲ့ဆန္ဒ ရှိမရှိ မေးဖို့၊ လူထုဆီက ‘ ပြင်ချင်ပါတယ် ပြင်ချင်ပါတယ်’ ဆိုပြီး ပြိုင်တူ ထောက်ခံဖို့ကသာ သူမ အတွက် အဓိကဖြစ်နေတာ တွေ့ရပါတယ်။


ဖွဲ့စည်းပုံပြင်ဖို့ မပြင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောတာကို တက်ရောက်နားထောင်တဲ့လူထုက  တက်တက်ကြွကြွ သိပ်မရှိသလိုတွေ့ရပါတယ်။ အဲဒီအခြေခံဥပဒေဆိုတာဘာလဲ.. စိတ်မဝင်စားကြတာ ရှိသလို နားမလည်ကြတာတွေလည်း အများကြီးရှိနေပါတယ်။ နမ့်ဇန်မြို့ကနေ ခရီးစဉ်မှာလိုက်ပါတဲ့ NLD ပါတီဝင်တဦးက သျှမ်းစကားနဲ့ တက်ဟဲလိုက်မှဘဲ အသံတွေထွက်လာတဲ့အပေါ်  ဒေါ်စုကိုယ်တိုင် ကတောင်မှ ‘ကျမဗမာစကား ပြောတာကို သိပ်နားမလည်ကြဘူးနဲ့တူတယ်’ - လို့ ပြောလာပါတယ်။


ကြိုဆိုရေးအဖွဲ့မှာ ပါဝင်တဲ့ ရပ်မိရပ်ဖတွေကတော့ ဒေါ်​အောင်ဆန်းစုကြည်အတွက် ဧည့်ဝတ်မကျေ မှာကို အထူးစိုးရိမ်နေပုံရပါတယ်။


လင်းခေးမြို့ရဲ့ တခုတည်းသော အကြီးဆုံးတည်းခိုခန်း၊ ဟိုမိန်းပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် ဦးမဟာကြာ ပိုင်တဲ့ SSS ‘အက်စ်သုံးလုံး’ တည်းခိုခန်းမှာ တည်းဖို့ ပြင်ဆင်ထားတယ်လို့ပြောပါတယ်။


သျှမ်းလူငယ် ခေါင်းဆောင် တွေအပါအဝင် လင်းခေးမြို့  ရပ်မိရပ်ဖ  ၁၅ ယောက်ကို ဒေါ်အောင်ဆန်း စုကြည်က အဲဒီတည်းခိုခန်းမှာ နာရီဝက်​လာက် သီးသန့် တွေ့ဆုံပါတယ်။


အဲဒီအထဲမှာပါဝင်တဲ့ လူငယ်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းတခုမေးဖို့ ဒုတိယအကြိမ် ထပ်မံကြိုးစားခဲ့ပါတယ်။


အဲဒါကတော့….. “ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံကနေ ပြည်ထောင်စုကို စတင်တည်ထောင်ခဲ့တယ်။ အဲဒီကနေ ဒုတိယကျွန်သက်တမ်းဘ၀ ကျနော်တို့ ထပ်ရောက်ခဲ့ရတယ်။ အဲဒါ သူမအနေနဲ့ ပြန်ဖြေရှင်း ပေးဖို့အစီအစဉ်ရှိလားပေါ့”


ဒါပေမယ့် အဲဒီမေးခွန်းကို တည်းခိုခန်းမှာလဲ ဒေါ်စုကို မေးခွင့်မရလိုက်ပြန်ပါဘူး။

ဘိန်းရာဇာလို့ ကမ္ဘာကသိတဲ့ ဦးခွန်ဆာရဲ့ တပည့် မဟာကြာပိုင်တဲ့ အဲဒီ ‘အက်စ်သုံးလုံး’ တည်းခိုခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းဖို့၊ လူငယ်အကျင့်စာရိတ္တကောင်းမွန်ဖို့ ဦးစား ပေးပြောသွားတယ်လို့ ဆိုပါတယ်။


‘ကျနော်တို့ ပြင်ဆင်သွားတာ ၂၀၀၈ ဖွဲ့စည်းပုံကိစ္စ၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ကိစ္စတွေလေ။ ဒေါ်စုပြောလာတော့ မူးယစ်ဆေးဝါးခေါင်းစဉ်၊ ကျနော်တို့ မြို့မှာက မူးယစ်ဆေးပြဿနာ သိပ်မရှိဘူး။ မူးယစ်ဆေးကင်းစင်ဖို့ လူငယ်တွေ ဘာပြင်ထားလဲလို့ သူမ က မေးတော့ လူငယ်တွေက မဖြေဘဲ ဖက်ဒရယ်ကိစ္စပြန်မေးတော့ ကီးအောက်ကုန်တာပေါ့၊ ဒါမျိုးက အတွေ့အကြုံလဲ မရှိဘူးလေ’ - လို့  အဲဒီလူငယ်က ပြောပါတယ်။


သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့ဟာ ဗာဂျီးနီးယား(ဆေးရွက်ကြီး)မြို့တော် “ထုငှ်ူဝဵင်းယြှ္ဓု္မ်းဝ္ဂ္မ်” လို့နာမည်ကြီးပေမယ့် မူးယစ်ဆေးဝါးပေါများတဲ့ မြို့မဟုတ်ပါဘူး။ သထုံမူလမင်းကွန်း ကမ္မဌာန်း သာသနာ ထွန်းကားတဲ့မြို့တော် ဖြစ်နေပါတယ်။


လင်းခေးမြို့ရဲ့ မြို့လယ်ကျောင်း (ဂျွင်းလူင်)မှာ သူမ အာရုံဆွမ်းကပ်လှူပါတယ်။ ရေစက်ချ အမျှပေး ဝေပြီး လင်းခေးမြို့ကနေ ပြန်လည်မထွက်ခွာခင် လူထုနဲ့ တကြိမ်ထပ်မံတွေ့ဆုံပါသေးတယ်။


ပင်လုံနဲ့ ကျွန်ဘ၀ကိစ္စ ဒေါ်စုကို အကြိမ်ကြိမ် မေးဖို့ကြိုးစားခဲ့တဲ့ အဲဒီလူငယ်က လဲ မြို့လယ်ကျောင်းကိုရောက်ရှိနေပြီး မေးဖို့ တတိယအကြိမ် ထပ်မံကြိုးစားခဲ့ပြန်ပါတယ်။


“ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံကနေ ပြည်ထောင်စုကို စတင်တည်ထောင်ခဲ့တယ်။ အဲဒီကနေ ဒုတိယ ကျွန်သက်တမ်းဘ၀ ကျနော်တို့ ထပ်ရောက်ခဲ့ရတယ်။ အဲဒါ သူမအနေနဲ့ ပြန်ဖြေရှင်းပေး ဖို့အစီအစဉ်ရှိ လားပေါ့”


အဲဒီမေးခွန်းကိုနောက်ဆုံးအနေနဲ့ မေးမြန်းဖို့ ကြိုးပမ်းခဲ့ပါတယ်။


သို့ပေမယ့် ပေါ်ဒီဂတ်ကြီးက အမေစုက ဖြေကြားပေးဖို့ အချိန်မရှိတော့ပါဘူးလို့ ပြောလိုက်ပါတယ်။


ခေါင်းငိုက်စိုက်နဲ့အိမ်ပြန်ရောက်လာတဲ့ ဒီလူငယ်က - ဒေါ်အောင်ဆန်းစုကြည်ကတော့ သျှမ်းပြည်လူထု ဆီက သူမ လိုချင်တဲ့အဖြေရသွားလားမသိဘူး။ ကျနော်ကတော့ ကျနော်အရမ်း မေးချင်တဲ့မေးခွန်း မေးခွင့်မရလိုက်ပါဘူး။ ထားလိုက်ပါဗျာ ကျနော်လူကြီးဖြစ်မှဘဲ မေးတော့မယ်ဗျာ - တဲ့။

ဆေလျံ(နမ့်တိန်း)
၂၆/ ၁ /၂၀၁၄




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates