သမ္မတ ဦးသိန်းစိန် လက်ထက် သျှမ်း အမျိုးသမီးများ မြန်မာစစ်တပ်၏ လိင် အကြမ်းဖက်မှု ခံနေရဆဲ



သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်၌ သျှမ်းပြည်တွင်း အစိုးရ စစ်တပ်၏ လိင်အကြမ်းဖက် ခံရသည့် အမျိုးသမီး ၃၅ ဦးထက် မနည်းရှိကြောင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ဆိုသည်။



အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က “အရေးယူမှုမှ ကင်းလွတ်ခြင်းနှင့် မပြောင်းလဲ သေးသည့် စနစ်များ” “Same Impunity, Same Patterns” အစီရင်ခံစာ ထုတ်ဝေရာ ဂျန္နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီ မှ ၁၂ နာရီထိ ချင်းမိုင်တက္ကသိုလ်ဝင်းရှိ Uniserv အဆောက်အဦး၌ အဆိုပါအစီရင်ခံစာနှင့် ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။
IMG 2074

အဆိုပါ အစီရင်ခံစာ၌ ကချင်ပြည် ထိုးစစ်အတွင်း မြန်မာအစိုးရစစ်သား၏ လိင်အကြမ်းဖက်မှု ခံခဲ့ရ သည့် အမျိုးသမီး ၅၉ ဦး၊ သျှမ်းပြည်တွင်း ဖြစ်ပွားခဲ့သော အမျိုးသမီးနှင့် မိန်းကလေး ၃၅ ဦး၊ ကရင်ပြည်အတွင်း ဖြစ်ပွားခဲ့သည့် အဖြစ်အပျက် ၉ ခုတို့ကို မှတ်တမ်းတင်ထားသည်။



အဆိုပါအမှုအခင်း အများစုမှာ သျှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်တို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ဆက်စပ်နေကြောင်း၊ အဖြစ်အပျက်များသည် မြို့နယ် ၃၅ မြို့နယ်မှ ဖြစ်ပွားခဲ့ပြီး အစိုးရ စစ်တပ်မှ တပ်ရင်း ပေါင်း ၃၈ ရင်းကျော်က ကျူးလွန်ခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။



၂၀၁၁ ဂျူလိုင် ၅ ရက် သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့အခြေစိုက် ခမရ(၅၁၃)က ကျေးသီးမြို့နယ် အတွင်းရှိ ကျေးရွာတရွာသို့ ဝင်ရောက်ပြီး အမျိုးသမီး ၃ ဉီးနှင့် ၁၂ နှစ်အရွယ် မိန်းကလေးတဉီး ကို အဓမ္မပြုကျင့်ခဲ့ ကြောင်း၊ မိန်းကလေးငယ်၏မိခင် အရှေ့တွင်ပင် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အမျိုးသမီး ၃ ဉီးထဲမှ တစ်ဉီးမှာ ကိုယ်ဝန် ၉ လအချိန်တွင် အဓမ္မပြုကျင့်ခံရခြင်းဖြစ်ပြီး၊ နောက်ဆုံးအမျိုးသမီးကိုမူ ရွာပြင်တွင် အဝတ်အစား ချွတ် ရိုက်နှက်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း  SWAN ၏ မှတ်တမ်းကိုပါ အစီရင်ခံစာ၌ ဖော်ပြထားသည်။

Same Impunity

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ပဋိပက္ခဖြစ်နေသည့်ဒေသ၌ ကျူးလွန်မှုများပြားကြောင်း၊ အုပ်စု လိုက် ကျူးလွန်ပြီး ထိပ်ပိုင်းအရာရှိများ ကိုယ်တိုင်ပါဝင်နေကြောင်း၊ အစိုးရစစ် တပ်က ပြုလုပ်သည့် ထိုးစစ် ဆင်မှု၊  ညှင်းပမ်းနှိပ်စက်မှု၏ တစိတ်တပိုင်းဖြစ်သည်ဟု ဆိုနိုင်ကြောင်း၊ ထို့ကြောင့် စနစ်တကျဖြင့် ဖြစ်စဉ် တစုံလုံးတွင် မူဝါဒအရ လုပ်ဆောင်နေကြောင်း  SWAN  မှ စည်းရုံးရေးမှူး နန်းဆိုင်နောင့် က ပြောသည်။



“လိင်အကြမ်းဖက်မှု ပပျောက်သွားအောင် အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးပြောင်းလဲမှု လုပ်ရမယ်။ ငြိမ်း ချမ်းရေး ဖြစ်စဉ်မှာလည်း အမျိုးသမီးတွေပါဝင်မှုအပြင် ပြည်သူတရပ်လုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုး ဖြစ်ရမယ်။ တကယ်လို့ လိင်အကြမ်းဖက်မှုတွေ မရပ်တန့်ဘူးဆိုရင် ငြိမ်းချမ်းရေးရဖို့ ခက်ခဲတယ်။ အဓမ္မပြုကျင့်ရင် တသက်တကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ဥပဒေရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေတွေနဲ့ ထိထိရောက်ရောက် အရေးယူရမယ်” ဟု နန်းဆိုင်နောင့် က ပြောသည်။



မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေပြောင်းလဲသည်ဟု မည်မျှပင်ပြောဆိုနေပါစေ တိုင်းရင်းသားဒေသမှ အမျိုး သမီးများ၏ လက်တွေ့ ဘဝမှာ ပြောင်းလဲမှု မရှိသေးဟု ယုံကြည်ကြောင်း ကချင်အမျိုးသမီး အစည်းအရုံး (KWAT) မှ တွဲဖက်အတွင်းရေးမှူး မဂျက်စီးကာအင်ခွမ် က ပြောသည်။



“ဘယ်အမျိုးသမီးမှ နာမည်ပျက်ခံပြီး လိင်အကြမ်းဖက်မခံရဘဲ လိင်အကြမ်းဖက်ခံရပါတယ်ဆိုပြီး ထုတ်ဖော် ပြောဆိုမှာ မဟုတ်ဘူး” ဟု မဂျက်စီးကာအင်ခွမ် က ပြောသည်။



မြန်မာစစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် စစ်မှန်သည့် ဒီမိုကရေစီအစိုးရ မပေါ် ပေါက်မချင်း ရပ်တန့်မည်မဟုတ်ကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီစနစ် ထွန်းကာလာစေရန်၊ အကြမ်းဖက်မှု ပပျောက်စေ ရန် အစိုးရက တာဝန်ခံမှု၊ တာဝန်ယူမှုရှိရန် လိုအပ်ကြောင်း WLB က ပြောဆိုပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates