ခြံမြေအရေး စစ်ဆေးခြင်း မပြုလျှင် အောင်ပန်း ဒေသခံများ ဆန္ဒပြမည်



အမှတ်(၂) တပ်မတော် စစ်ဆေးရုံ၊ ကုတင် (၇၀၀) မှသိမ်းယူထားသော လယ်ခြံမြေများမှ မသုံးဖြစ်ဘဲ ပိုလျှံနေသည့် မြေနေရာများအား ပြန်လည် လုပ်ပိုင်ခွင့် မပေးလျှင် အောင်ပန်း ဒေသခံများ တစ်လအတွင်း ဆန္ဒပြမည် ဖြစ်ကြောင်း သိရ သည်။


သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့အရှေ့ဘက် ကမ္ဘားနီကျေးရွာအုပ်စု ၊ လက်ရှိကုတင် (၇၀၀) ၊ အမှတ် (၂) တပ်မတော် စစ်ဆေးရုံမှသိမ်းယူထားသောလယ်မြေ၊ ဥယျာဉ်ခြံမြေ ဧက ၁၀၀၀ မှလက်ရှိ  မြေဧက ၈၀၀ ခန့် ပိုလျှံနေ သောကြောင့်  ပြန်လည်လုပ်ကိုင်စား သောက်နိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံး၊ သမ္မတရုံး ၀န်ကြီးဌာနနှင့် ဌာနဆိုင်ရာများအား ပြန်လည်စီစစ်ဆောင်ရွက်ပေးရန်ဒေသခံတောင်သူ (၁၂၀) ဦးက ၂၀၁၃ ခုနှစ် ဂျူလိုင်လတွင် တောင်းခံ တိုင် ကြားထားခြင်းဖြစ်သည်ဟု သိရသည်။

003- Aung Pan farmersတွေ့ဆုံဆွေးနွေးနေကြသော ကမ္ဘားနီရွာမှ လယ်သမားများ

ပင်မဆေးရုံကြီး အဆောက်အဦးနှင့်တကွ ၀န်ထမ်းအိမ်ယာဆောက်ထားသည့် မြေဧရိယာ ၂၀၀  ခန့်သာရှိပြီး၊ ကျန်ရှိမြေများ အားစစ်အသိုင်းအဝိုင်းနှင့်နီးစပ်သော လူပုဂ္ဂိုလ်များသာ သီးစားချ၍ ၂၀၁၁ ခုနှစ်အထိ အခွန်များ မှာ ရာသီပင်အလိုက် ခုနှစ်သောင်းကျပ်အထက် ပေးဆောင်စေပြီး ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်စားသောက် နေရ ကြောင်း ဒေသခံများ၏ တိုင်ကြားစာအရ သိရပါသည်။


“ကျမတို့မြေ ကျမတို့ပြန်တောင်းတာ၊ ငါးလကျော်ကြာသွားပြီ။  အစကတော့ ပြန်ပေး မယ်ပြောပြီး ခုထိ ငြိမ်နေတာ။ နောက် တစ်လအတွင်း ပြန်မပေးရင်တော့ ခွင့်ပြုချက် တောင်းပြီး ဆန္ဒဖော်ထုတ်သွားမယ်” ဟု ယင်းလယ်ယာမြေပြန်လည်ရရှိရေး ကော်မတီမှ ဘုတ်အဖွဲ့ ၀င်တစ်ဦးကပြောသည်။


ဒေသခံများ၏ အဆိုပါလယ်မြေများကို အမြောက်တပ် အ.မ.တ  ၄  မှ ၁၉၉၃-၉၄ တွင်ပထမအကြိမ် ၊ ၁၉၉၈ တွင် ဒုတိယ အကြိမ် သိမ်းယူခဲ့ကြောင်း နှင့် သိမ်းဆည်းခံထားရသောလယ်ယာခြံမြေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီး ဌာနများမှ စစ်ဆေးအရေးယူဆောင်ရွက်ခြင်း တကြိမ်မျှမရှိသေးကြောင်း ဒေခံများက ပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates