သျှမ်း- ကချင် နယ်စပ် ဒေသခံများ ဆက်ကြေး အမျိုးမျိုး ပေးရ- မဟုတ်မှန်ကြောင်း KIO ငြင်း



သျှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် နယ်စပ်ရှိ  မန်စီမြို့နယ်အတွင်း နေထိုင်သော ဒေသခံများ ကချင် တပ်မတော် KIO/KIA ထံငွေနှင့်ဆန် အပါအဝင် ဆက်ကြေး အမျိုးမျိုး ပေးဆောင်နေရသည် ဟူသည့် အပေါ် KIO ပြောခွင့်ရ ဦးလာနန်က မဟုတ်မှန်ကြောင်း တုန့်ပြန်ပြောဆိုလိုက်ပါသည်။


KIA ကချင်လွတ်လပ်ရေးတပ်မတော်က ကချင်ပြည်နယ် မန့်ဝိန်းကြီး ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ (၁၈) ရွာ ထံမှ ငွေ နှင့် ဆန် အပါဝင် ဆက်ကြေးအမျိုးမျိုးကောက်ယူနေသည့်အပြင် ချက်ပြုတ်ကျွေးမွေးရေးအတွက်ပါ အလှည့်ကျ လုပ်အားပေးခိုင်းသည်ဟု မန့်ဝိန်းကြီးဒေသခံ အကြီးအကဲတဦးက ပြောသည်။ ထို့အပြင် KIA တပ် မတော်သားများနှင့်အတူ အလှည့်ကျ ကင်းစောင့်ရန် တစ်ရွာနှစ်ယောက် စေလွှတ်ရသည်ဟုလည်း ဆိုပါ သည်။


“ကချင်စစ်တပ်အတွက် ၂၇ ရက်နေ့က တစ်အိမ် ဆန် ၄ ပုံး ပေးရတယ်။ တပုံးမှာ ဆန် ၈ ပြည်လေ ဆိုတော့ ၃၂ ပြည်ပေါ့။ ဆင်းရဲ ချမ်းသာမရွေး ၁၈ ရွာလုံး အိမ်တိုင်းစေ့ ပေးရတယ် ” ဟု ဒေသခံ စိုင်းခမ်းက ပြော သည်။

001-rice for KIAရွာသားများမှ ဆန်များစုဆောင်းပေးနေပုံ

ကေအိုင်အေ ထံပေးသည့် ဆန်လေးပုံး မလောက်သောကြောင့် ယနေ့ နံနက်ပိုင်း၌ ဆန် တပုံးနှင့်ငွေ ၅၀၀၀ ကျပ်ကို ဒေသခံများထံမှ ထပ်မံ ဆင့်ဆိုသည်ဟု အခက်အခဲ ကြုံရသူ ဒေသခံ များကပြော သည်။


၎င်းနှင့်ပတ်သက်၍ ကေအိုင်အေ ပြောခွင့်ရ ဦးလာနန်က မဟုတ်မှန်ကြောင်း သျှမ်းသံတော်ဆင့်သို့ ငြင်းဆိုသည်။


“အခုအခြေအနေက အဲဒီ့ဘက်မှာ ကျနော်တို့တပ်တွေ အတည်တကျနေတာ မရှိဘူး။ အဲဒီလိုမျိုး လူလုပ်အား ခေါ်တယ်၊ သစ်တွေ ဝါးတွေ ခုတ်ခိုင်းတယ်ဆိုတာမဖြစ်နိုင်ဘူး၊ ဆန်တွေ ငွေတွေကောက်တယ်ဆိုတာလဲ မဟုတ် ဘူး၊ တိုက်ပွဲဖြစ်ခဲ့တဲ့နောက်ပိုင်းမှာ ကျနော်တို့က ဆန်တွေကို တရုတ်ပြည်ဘက်ကဝယ်တယ်။ စစ်တပ်အတွက် သုံးတယ်၊ ဒုက္ခသည်တွေကိုတောင် ပြန်ဝေငှပေးတယ်´´ - ဟု   ဦးလာနန် ကပြောသည်။

000- rice for KIA

ရွာသားများမှ ဆန်များစုဆောင်းပေးနေပုံ

မန့်ဝိန်းကြီးကျေးရွာအုပ်စု သျှမ်းရွာ (၁၈) ရွာ ၀န်းကျင်တွင် စစ်ပြေးဒုက္ခသည် စခန်း ၄ ခု ရှိကြောင်း၊ မန့်ဝိန်း ရွာမကြီးတွင် ၂ ခု ၊ နားလုံရွာ ၁ ခု၊ နမ့်ဟီးရွာတွင် ၁ ခု ဖြစ်ပြီး ဒုက္ခသည်စခန်းတခုလျှင် လူဦးရေ တထောင်ထက် မနည်းရှိကြောင်း၊ လက်ရှိတွင်အစိုးရစစ်တပ်အတွက်၊ ကေအိုင်အေစစ်တပ်အတွက်အပြင် ဒုက္ခသည်များအတွက် လည်း လုပ်အားပေးနေရကြောင်း၊ စစ်ဘေးဒုက္ခသည်ထက် ဒေသခံရွာသားများက အခက်အခဲ ပိုမိုရင်ဆိုင်နေရ ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး တဦးက ယခုကဲ့သို့ ပြောသည်။


“ပြီးခဲ့တဲ့ ရက် ၂၀ ကျော်ကျော် ကလည်း စစ်ပြေးဒုက္ခသည်အတွက်ဆိုပြီး တစ်အိမ်ကို ဝါးလုံး နှစ်လုံး ၊ သက်ကယ် အမိုး (ခါး) ငါးချပ်စီ ပေးဆောင်ရတယ်၊ အဲဒါတွေမကသေးဘူး အထွေထွေကြေးအတွက် ကျပ် ၅၀၀၀ ထည့်  ရသေးတယ်၊   နောက်ပြီး  တရွာမှာ လူ ၂ ဦး စစ်သည်ထမ်းရွက်ဖို့ လဲဆင့်ဆိုတယ်။ မသွားရင် လူငှားခ ကျပ် သိန်း ၂၀ ပေးရတယ်” ဟုပြောသည်။


KIA  ကချင်လွတ်လပ်ရေးတပ်မတော်ထံ ဆက်ကြေး များပေးဆောင်ရသည်ဆိုသည့် ရွာများမှာ နောင်လုတ်၊ နောင်လုံ့၊ မန့်ဆန့်၊ ဖာဆန့်၊ နောင်ဆွမ်း၊ နမ့်ဟီး၊ လားလုံ၊ ပန်ခမ်း၊ ကွတ်လုံ၊ ကုန်းခမ်း၊ မန့်ဟွေ့၊ မန့်မွမ်း၊ မန့်ဝိန်း၊ မန့်မိုင်၊ ကောင်းနောင်၊ ကွန်းကျိုင်း နှင့် လွယ်ဟိုဆေ တို့ဖြစ်သည်။ အဆိုပါဒေသသည် KIA  တပ်မဟာ (၃) ၏ စစ်ဒေသ ဖြစ်သည်ဟု သိရသည်။


သို့သော် အဆိုပါဒေသဘက် ကေအိုင်အေ လှုပ်ရှားမှု မရှိဘဲ နယ်စပ်ဘက်သာ တပ်အင်အားဖြန့်ကျက် ထား ကြောင်း၊ ထိုကဲ့သို့ မဟုတ်မမှန်သတင်းများကို ` ပြည်ခိုင်ဖြိုး က ကျနော်တို့ KIA စစ်တပ် သိက္ခာကျအောင် လုပ်တာပါ။ ဝါဒဖြန့်တာပါ။ အခုတလော သတင်းလိုလို ဘာလိုလိုပုံစံနဲ့ပိုတောင်လုပ်လာသေးတယ်´ ဟု ဦးလာနန်က ရှင်းလင်းပြောပြပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates