တောင်ကြီးမြို့တွင်အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကျင်းပ
တောင်ကြီးမြို့ ၊ သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် သျှမ်းပြည်တောင်ပိုင်း Gender ကွန်ယက်အဖွဲ့ (SSGNG) ၊ သျှမ်းပြည်နယ်ရှိအမျိုးသမီးများကွန်ယက်နှင့်သင်္ဂဟ Gender အဖွဲ့တို့မှ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အမျိုးသမီးလူ့အခွင့်အရေးသမိုင်းမှတ်တိုင်အဖြစ်ဂုဏ်ပြုထားပြီး အသွင်ကူးပြောင်းရေးကာလ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများအင်တိုက်အားတိုက်ပါဝင်လာရန် နှင့်အမျိုးသမီးများ၏အခွင့်အရေးအား အပြည့်အဝ အကာအကွယ်ပေးနိုင်သောတရားဥပဒေ များရရှိရန်ရည်ရွယ်ကြောင်း မတ်ခ်ျလ ၈ ရက်နေ့ ပွဲဖြစ်မြောက်ရေး ကောင်မတီအဖွဲ့ဝင်ဒေါ်သန္တာဦး မှရှင်းပြသည်။
“ဒီအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခန်းအနားကိုနှစ်စဉ်နှစ်တိုင်းကျင်းပသင့်တယ်၊ တ ကမ္ဘာလုံးမှာရှိနေ တဲ့အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့နေ့လေးတစ်နေ့ဖြစ်တဲ့အတွက် အမျိုးသမီးတိုင်းစိတ်ပါဝင်စားစွာ ပါဝင်ဆင်နွဲ ဖို့လည်းလိုအပ်တယ်” ဟု ၄င်းကဆိုသည်။
၁၉၀၈ ခုနှစ်တွင်အမေရိကန်ပြည်နယ် နယူးယောက်မြို့ရှိအထည် ချုပ်စက်ရုံမှ အမျိုးသမီးများသည် ၄င်းတို့၏အလုပ်ချိန်များလျော့ရေး ၊လစာတိုးပေးရေး နှင့်မဲပေးခွင့်ရရှိရန်အ တွက်ဆန္ဒပြ တောင်းဆိုခဲ့ကြရာမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အစပြုခဲ့ခြင်းဖြစ်သည်။
၁၉၁၀ ခုနှစ်က ကိုပင်ဟေဂင်မြို့တွင်အပြည်ပြည်ဆိုင်ရာလုပ်ငန်းခွင်မှ အမျိုးသမီးများညီလာခံအား ဒုတိယအကြိမ် ကျင်းပခဲ့သည်။ ယင်းညီလာခံတွင်ဂျာမဏီ နိုင်ငံမှ ဆိုရှယ်လစ်ဒီမိုကရက်တစ်ပါတီမှ အမျိုးသမီးခေါင်းဆောင်တစ် ဦးဖြစ်သည့် ကလဲရာ ဇတ်ခင် (Clara Zatkin) မှ အပြည်ပြည်ဆိုင်ရာအမျိုးသမီး များ နေ့အား တကမ္ဘာလုံး တစ် ရက်တည်းသတ်မှတ်ပြီးကျင်းပရန် နှင့် အမျိုးသမီးများ၏အခွင့်အရေးများအား တောင်းဆိုကြရန်အတွက် တင်ပြဆွေးနွေးသောအခါ ညီလာခံတက်ရောက်သူများအားလုံးမှာ ကန့်ကွက်သူမရှိသဘောတူခဲ့ကြသည်။
ပထမဆုံး အပြည်ပြည်ဆိုင်ရာအမျိုးသမီများနေ့အား ၁၉၁၁ ခုနှစ်မတ်လ (၁၉) ရက်နေ့တွင်ကျင်းပခဲ့ပြီး ၁၉၇၅ ခုနှစ်မှစ၍ မတ်လ( ၈)ရက်နေ့အားအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် တသမတ်တည်း သတ်မှတ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
Tags: General, News