သန်းခေါင်စာရင်းတွင် “ရှမ်းနီ”လူမျိုးဟု ထည့်သွင်းကြရန် တိုက်တွန်းနှိုးဆော်လွှာ
၁။ “ရှမ်းနီ”လူမျိုးတို့သည် မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူ၊ မိုးမိတ်၊ မဘိမ်း၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်၊ ကောလင်း၊ ၀န်းသို၊ ပင်လည်ဘူး၊ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေး၊ ကလေးဝ၊ တမူးမြို့နယ်များတွင် ရှေးယခင်ကတည်းက အခြေစိုက်နေထိုင်လာခဲ့ကြပါသည်။ နေထိုင်ရာဒေသကိုလိုက်၍ မိမိတို့ လူမျိုးအမည်ကို ရှမ်းနီ၊ ရှမ်းဗမာ၊ ရှမ်းကလေး၊ မြေလတ်ရှမ်း၊ တိုင်းလိုက်၊ တိုင်းနိုင်း၊ တိုင်းလျမ်း၊ တိုင်းချောင်း၊ တိုင်းခွမ်း (မိုင်းခွမ်း ရှမ်း)ဟု အမျိုးမျိုးခေါ်တွင်လျက်ရှိသည်။ နာမည်အခေါ်ကွဲပြားသော်လည်း စကား၊ စာပေ၊ ဓလေ့ ထုံးတမ်းစဉ်လာများ တူညီကြပြီး လူမျိုးတစ်မျိုးတည်းဖြစ်ကြောင်းကိုလည်း အသိအမှတ်ပြုထား ကြပြီးဖြစ်ပါသည်။
၂။ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူသည့်အချိန်တွင် လူမျိုးဆိုသည့်နေရာ၌ အမည်အမျိုးမျိုး ထည့်သွင်းကြပါက လူမျိုးတစ်မျိုးတည်းပင်ဖြစ်သော်လည်း မတူညီသောလူမျိုးများအဖြစ် သန်းခေါင် စာရင်းထုတ်ပြန်ချိန်တွင် သတ်မှတ်ဖော်ပြခံရတော့မည်ဖြစ်ပါသည်။ မိမိတို့လူမျိုးများ လူမျိုးတစ်မျိုး တည်းနာမည်ဖြင့် တစ်စုတစ်စည်းတည်းရှိစေရန်အတွက် ရှမ်းနီသံဃာတော်များ၊ ရှမ်းတိုင်းရင်းသားရေး ရာဝန်ကြီးများ၊ ရှမ်းနီလူမျိုး လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းနီပါတီနှင့် လူမှုအဖွဲ့အစည်းအသီးသီး၏ မြို့နယ်အလိုက် ရှမ်းနီအမျိုးသားခေါင်းဆောင်များစုပေါင်းပြီး (၁၇-၃-၂၀၁၃)ရက်၊ (၇-၇-၂၀၁၃)ရက်နှင့် (၁-၂-၂၀၁၄)ရက်တို့တွင် မန္တလေးမြို့၌ (၃)ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြရာ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ခံသည့်အချိန်တွင် လူမျိုးနေရာ၌ “ရှမ်းနီ”ဟု ထည့်သွင်းကြရန် အများစုမှ သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။
၃။ “ရှမ်းနီ”လူမျိုးသည် ကုတ်နံပါတ်သတ်မှတ်ထားသောလူမျိုး (၁၃၅)မျိုးတွင် မပါဝင်၍ အခြား ကုတ်နံပါတ် (၉၁၄)တွင် ပါဝင်သွားသော်လည်း သန်းခေါင်စာရင်းထုတ်ပြန်ချိန်၌ လူမျိုး အမည် ပျောက်ကွယ်သွားမည်မဟုတ်ကြောင်းနှင့် တိုင်းရင်းသား တန်းတူအခွင့်အရေးလုံးဝဆုံးရှုံးသွားမည် မဟုတ်ကြောင်းကိုလည်း သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမေးမြန်းချက်အရ အတိအလင်းသိရှိထားပြီးဖြစ်ပါသည်။
၎။ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ နေရာဒေသအလိုက် လူမျိုးအမည်ကွဲပြားသော်လည်း လူမျိုးတစ်မျိုး တည်းဖြစ်သော မိမိတို့လူမျိုးများသည် အခြားတိုင်းရင်းသားလူမျိုးများနှင့် အေးအတူပူအမျှ အတူယှဉ် တွဲနေထိုင်ပြီး မိမိတို့လူမျိုး၏ အမျိုးဘာသာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ် လာများကို ပြန်လည်ဖော်ထုတ်၍ အဓွန့်ရှည်တည်တံ့နိုင်အောင် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားရေးတာဝန် သိစိတ်ဖြင့် ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူစဉ် လူမျိုးနေရာ၌ “ရှမ်းနီ”လူမျိုးဟု ထည့်သွင်း ပေး ကြပါ ရန် အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။
မှတ်ချက်။ ။ မရှင်းလင်းပါက အောက်ပါဖုန်းနံပါတ်များသို့ မေးမြန်းနိုင်ပါသည်။
09-8304135
09-47009720
09-47015543
09-5192700
09-256131953
09-2016916
ရှမ်းနီလူမျိုးအမည်ပေါ်ပေါက်ရေးကော်မတီ
Tags: Letter to Editor