တရုတ်ဘက်ပို့သည့် ၁၀ ဘီးသစ်တင်ကား များကြောင့် ရွာလမ်းများပျက်စီး နမ့်ခမ်းဒေသခံများ ညီးညူ
သျှမ်းပြည်မြောက်ပိုင်း မိုင်းဝီးအုပ်စုဘက်မှ သစ်တင် ၁၀ ဘီးကားများ ကျေးလက်တောရွာများ အတွင်းဖြတ်သန်း ကာ ဖြတ်လမ်းအဖြစ်အသုံးပြုနေသောကြောင့် ရွာလမ်းပျက်စီးကာ ရွာသားများအတွက် အနှောင့်အယှက်ဖြစ် နေကြောင်း နမ့်ခမ်းမှလာသောသတင်းများကဆိုပါသည်။
“ ကျနော်တို့ရွာက မနှစ်က ပိုက်လိုင်းလမ်းကြောင်းမြေဖို့ဖို့ မြေတင်ကားတွေကြောင့်တခါလမ်း ပျက်စီးခဲ့ရပြီးပြီ။ ရွာသူကြီးက ရွာသားတွေဆီက ပိုက်ဆံကောက်ပြီး ပြင်ထားတာမကြာသေးဘူး။ ကျပ်သိန်း ဆယ်ချီကုန်သွားတယ်။ အခု သစ်တင်ကားတွေကြောင့် လမ်းတွေပြန်ပျက်စီးစပြုနေပြီ။ စက်သံကားကြီးသံကြောင့် လမ်းဘေးတလျှောက် က အိမ်နံရံတွေလဲ အက်ကုန်ပြီ။ အဲတာ သက်ဆိုင်ရာ အာဏာပိုင်တွေ သစ်တောဝန်ကြီးတွေကို သိစေချင်တယ် ။ ကူညီဖြေရှင်းပေးစေချင်တယ်” ဟု ဒေသခံ စိုင်းစိုင်းကဆက်ပြောပါသည်။
နမ့်ခမ်းမြို့ မိုးတွင်း တောလမ်းတနေရာ |
ပြီးခဲ့သည့်လလယ်မှစ၍ ညအချိန်မတော် ဖြတ်သန်းသွားလာသော အဆိုပါ ၁၀ ဘီး သစ်တင်ကားများ ကြောင့် နမ့်ခမ်းမြို့နယ် အတွင်းရှိ မန့်ပုံ မန့်အွယ့် ကျေးလက်ရွာသားများ အခက်အခဲရင်ဆိုင် နေရခြင်းဖြစ် ပါသည်။
“ ရွာထဲကို ညအချိန်မတော် ဖြတ်လာတာ။ တခုခုကို ရှောင်တဲ့သဘော။ ဖြတ်လမ်း သဘောလေ။ ညကြီးမင်းကြီး ကားကြီးအသံကြီးဆိုတော့ ရွာသားတွေလန့်နိုးကုန်တာပေါ့။ ကျမတို့ရွာလမ်းလေးတော့ ဒီနှစ်တော့ထပ်ပြင်ရ တော့မှာဘဲ။ ကျမတို့ကအခုရာသီက နွေစပါး လုပ်တဲ့ရာသီလေ။ နေ့လည်းအလုပ်လုပ်ရ ညဆိုလည်း ကားကြီးသံ တွေကိုလန့်ရ ဆူဆူညံညံအသံတွေကြောင့် မအိပ်နိုင်။ အရမ်းဒုက္ခရောက်နေရတယ်” ဟု နမ့်ခမ်းမြို့နယ် မန့်ပုံရွာ သူ အိမ်ရှင်မ ကပြောသည်။
အဆိုပါသစ်တင်ကားများသည် ဖေဖော်ဝါရီလလယ်ကတည်းက နမ့်ခမ်းမြို့နယ် မန့်ပုံမန့်အွယ့်ရွာ အတွင်းဖြတ် လမ်းအဖြစ်အသုံးပြုနေသည်မှာ ယနေ့တိုင်ဖြစ်နေကြောင်း၊ တောပိုင်းမှ မိုင်းဝီးအားဖြတ်သန်းကာ နမ့်ဖမ်ချောင်း ကူး၍ မန့်ပုံမန့်အွယ့်အားဖြတ်သန်းကြောင်း၊ ထိုမှတဆင့် နမ့်မကိုဆက်လက်ဖြတ်သန်းကာ ကွန်လုံရွာတဖက်ရှိ ကူးတို့ဆိပ်မှတဆင့်တရုတ်ပြည်တွင်းသို့ တင်ပို့ရောင်းချရန် ဖြစ်ကြောင်း အမည်မဖော်လိုသူ နမ့်ခမ်းမြို့သား တဦးကလည်းပြောပါသည်။
နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသဘက်မှ ရွာသားများသည် ယမန်နှစ်ကလည်း ဂက်စ်ပိုက်လိုင်းဖြတ်သန်းမှု ကြောင့် လယ်ယာ မြေများ ဆုံးရှုံးကြရ ရွာလမ်းများပျက်စီးမှုများ ကြုံခဲ့ရပါသည်။
Tags: Environment, News