သျှမ်း/မြောက်တွင် ဗုဒ္ဓဘာသာသင်တန်း တပတ်တကြိမ်ဖွင့်လှစ်နိုင်ရန် ဆရာမွမ်းမံသင်တန်း ဖွင့်လှစ်



ဒေသတွင်း ကလေးလူငယ်များ အကျင့်စရိုက်ကောင်းမွန်ရန်ရည်ရွယ်ကာ ယဉ်ကျေးလိမ္မာစေရေး အခြေခံ ဗုဒ္ဓဘာသာသင်တန်းကို သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့နယ်အတွင်း တပတ်တကြိမ် ဖွင့်လှစ်သင်ကြားပေးသွားမည်ဟု နမ့်ခမ်းမြို့ခံများကပြောသည်။

ဗုဒ္ဓဘာသာသင်တန်းဖြစ်မြောက်ရေး ယခုလ  ၁ ရက်နေ့ကကျင်းပသည့် ဓမ္မအစည်းအဝေး

အဆိုပါသင်တန်းအတွက် ယခုလက်ရှိ ဆရာဖြစ်မွမ်းမံသင်တန်းကို ဇေယျသုခ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်တွင် ဖွင့်လှစ်ပေးနေသည်ဟု ဆိုပါသည်။

 
“ ဆရာမွမ်းမံသင်တန်းကို အခုလ ၁၆ ရက်က စတာလေ။   ၂၂ ရက်နေ့အထိ ရှိမယ်။ သင်တန်းသား အဖြစ်  သံဃာတော်တွေနဲ့ ဒေသတွင်းလူငယ်တွေ စုစုပေါင်း ၁၃၅ ယောက်ရှိတယ်။  အဲဒီနောက်ပိုင်း သင်တန်းဖွင့်ရင် ကျောင်းသားလေးတွေကိုပြန်သင်ပေးနိုင်အောင် ဖြစ်ပါတယ် - ဟု နမ့်ခမ်းမြို့ခံ စိုင်းစိုင်းကပြောသည်။


 သင်တန်းဖြစ်မြောက်ရေးအတွက်  ဆရာတော် ဦးဓမ္မသိရီ M.A Sri lanka၊ ဆရာတော် ဦးနန္ဒဝံသ M.A Sri lanka ၊ စိုင်းလှအောင် (သစ္စာဘော်ဒါဆောင်)တို့က ကမကထ ပြုခဲ့ကြသည်ဟု ဆိုပါသည်။


“ဓမ္မကျောင်းကိုတော့ ရွာတိုင်းမှာဖွင့်နိုင်အောင် စီစဉ်ထားတယ်။မြို့ထဲဆိုရင်လည်း ကလေးတွေ အတွက် သင့်တော်မယ့်ကျောင်းတကျောင်းကို အကူအညီတောင်းပြီးဖွင့်ပါမယ်။ ဦးဆုံး စဖွင့်မယ့်နေရာ ကတော့ နမ့်ခမ်းမြို့လယ်ဘုရားကျောင်းနဲ့ ဇေယျသုခဘုန်းတော်ကြီး သင်ပညာရေးကျောင်းပေါ့” ဟု ဒေသခံ စိုင်းထွန်းကဆိုပါသည်။


ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်းကျောင်းကို နမ့်ခမ်းမြို့တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးသွားရန် မတ်ခ်ျလ ၁ ရက်နေ့   ဇေယျသုခကျောင်းတွင် ကျင်းပသော နမ့်ခမ်းမြို့ တွင်း ဘုန်းတော်ကြီးကျောင်း ၈ ကျောင်းမှ ဆရာတော်သံဃာတော်နှင့် ဒါယကာများအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။


ဗုဒ္ဓဘာသာသင်တန်းတွင် ပို့ချမည့် စာအုပ် ၁၁ အုပ် ရှိသည်ဖြစ်ရာ သျှမ်းဘာသာသို့ ၃ အုပ် ဘာသာပြန် ထားပြီးဖြစ်ကြောင်း၊ သင်တန်းဖြစ်မြောက်လာသည်အထိ စေတနာရှင်အလှူရှင်များထံမှ ကူညီထောက်ပံ့ မှုကို အလှူခံသွားမည်ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံ ဆီမောက်မိုင်က သျှမ်းသံတော်ဆင့်အား ပြောပြပါသည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates