ပြည်ထောင်စု အင်စတီကျု (Pyidaungsu Institute) ဖွင့်လှစ်ခြင်း
Pyidaungsu Institute (PI) ကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဖွင့်လှစ်ခဲ့ပါသည်။
ရည်ရွယ်ချက်
အဓိကရည်ရွယ်မှာ မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ ပါတီများ၊ ဒီမိုကရေစီအင်အားစုများ၊ လူထုအဖွဲ့ အစည်းများနှင့် အစိုးရဌာနများကို သုတေသန (Research) နှင့် နည်းပညာ (Technical) အခန်းကဏ်ဏ္ဍတို့ တွင် ကူညီပံ့ပိုးရန် ဖြစ်သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (Nationwide Ceasefire) ဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ (National Dialogue) ဆိုင်ရာကိစ္စရပ်များကို တိကျမှန်ကန်သည့် သတင်းအချက်အလက်များ၊ သုံးသပ်ချက်များ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အလို့ငှာ -
(က) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီတို့က တင်သွင်းထားသည့် အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းများ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင်များ၊ စစ်ဖက်ဆိုင်ရာကျင့်ဝတ်များကို လေ့လာသုံးသပ်ရန်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား အဆိုပြုတင်ပြရန်၊
(ခ) နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် တိုင်းရင်းသားအဖွဲ့အစည်းများ အဆိုပြုထားသည့် ခေါင်းစဉ် ၁၉ ခု နှင့်ပတ်သက်ပြီး အချက်အလက်များကို ကြိုတင်စုဆောင်းရန်နှင့် သုတေသနများပြုလုပ်ရန်၊
(ဂ) တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများနှင့် လူထုအဖွဲ့အစည်းများမှ သုတေသီများ (Researchers) နှင့် Resource Persons များကို နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ပေးရန်၊
(ဃ) နိုင်ငံရေးဆွေးနွေးပွဲညီလာခံ မစတင်မီနှင့် စတင်ပြီးသောအချိန်တွင် ကိုယ်စားလှယ်များနှင့် သုတေသီ များအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်မည့်၊ လွတ်လပ်ပြီး ဘက်မလိုက်သည့်၊ အားလုံးနှင့် ညီတူညီမျှ သက်ဆိုင်သည့် စုရပ်ဘုံနေရာ (Common Space) တစ်ခုရှိရန် တို့ဖြစ်သည်။
အဖွဲ့ဝင်များ
Pyidaungsu Institute ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များမှာ ဦးခွန်းဆိုင် ဂျိုင်ယင်၊ ဒေါက်တာ လျန်မှုန်းဆာခေါင်းနှင့် စောထူးထူးလေး တို့ဖြစ်ပြီး သုတေသနဌာနဒါရိုက်တာမှာ စိုင်းလတ် ဖြစ်သည်။ လေ့လာသုံးသပ်မှုများကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများမှ သုတေသီများနှင့် အလွတ်တန်းသုတေသီ စုစုပေါင်း ၁၀ ဦး ဖြင့် ဆောင်ရွက် လျက် ရှိသည်။
သဘောသဘာဝ
Pyidaungsu Institute ၏ သဘောသဘာဝမှာ နိုင်ငံရေးဆွေးနွေးပွဲတွင် ၀င်ရောက်ဆွေးနွေးမည့် နိုင်ငံရေးအဖွဲ့ အစည်းမဟုတ်ပါ။ အပစ်အခတ်ရပ်စဲရေးဆွေးနွေးနေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင် မည့်အဖွဲ့အစည်းများကို သုတေသနအားဖြင့်လည်းကောင်း၊ အချက်အလက်အရင်းအမြစ် (Knowledge Resource) အားဖြင့်လည်းကောင်း၊ နည်းပညာအားဖြင့်လည်းကောင်း ကူညီပံ့ပိုးပေးမည့် အဖွဲ့တစ်ခု ဖြစ်သည်။ တိုင်းရင်းသားနှင့် နိုင်ငံရေးအင်အားစုများအပါအဝင် ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အဖွဲ့အစည်းများအားလုံးနှင့် အ ပြန်အလှန် ဖြည့်ဆည်း ကူညီပံ့ပိုးရန် ဖြစ်သည်။
Pyidaungsu Institute ကို ချင်းမိုင်မြို့၌ ၂၀၁၃ ခုနှစ် သြဂုတ်လတွင် စတင်ထူထောင်ခဲ့ပြီး ၂၀၁၄ ဖေဖော်ဝါ ရီလတွင် အခမ်းအနားဖြင့် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ထူထောင်စရိတ်နှင့် ကနဦးပိုင်း ကုန်ကျစရိတ်များကို Euro-Burma Office (EBO) တစ်ဖွဲ့တည်းမှ ပံ့ပိုးခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်မေးမြန်းလိုပါက -
Khuensai Jaiyan (Managing Director) – 085 531 2837 (Thailand) or 09 2541 57691 (Myanmar)
khuensai@pyidaungsuinstitute.org
Sai Latt (Director of Research) - 085 713 4473 (Thailand) or latts@pyidaungsuinstitute.org
Tags: Letter to Editor