ဖျာပါး ဖျာပျက် ဖျာပျောက်
နှစ်ဆန်းပိုင်းတုန်းက တောင်ကြီးမြို့ကနေ အဖေါ်တဦး နဲ့ ဆိုင်ကယ်စီးပြီး ထွက်လာခဲ့တယ်။ မြို့လက္ခဏာ ကတ္တရာလမ်း က တဖြည်းဖြည်းပျောက်ကွယ် လာပြီး ဖုန်တောလမ်းကို ဦးတည်နေတယ်။ မငြီးမငြူဖုန်ထူလမ်းကို တနာရီခန့် အန်တုရင်း ရွာဦးဘုန်းကြီးကျောင်းကိုရောက်ခဲ့တယ်။
ဘုရားဖူး၊ ကျောင်းထိုင်ဆရာတော်ကိုကန်တော့။ ဆရာတော်က ရွာ့ဂုဏ် ကျောင်းဂုဏ်ဆောင် နှစ်ပေါင်းရာကျော်ရှိ သပြေပင်ကြီးနှစ်ပင်အနက် မုန်တိုင်း ဒဏ် ကြောင့်တပင်ကျိုးသွားတဲ့အကြောင်း၊ ဘေးမှာ ရှိတဲ့ စေတီ သုံးလေးဆူလဲ သပြေ ပင်ကြီး ပြိုကျဖိမိ တဲ့အတွက်ကြောင့် ကျိုးကျပျက်စီးသွားတဲ့အကြောင်း နှမျောစွာနဲ့ပြောပြတယ်။
ပြိုလဲတယ်ဆိုတာကောင်းတဲ့လက္ခဏာမဟုတ်၊ ဘေးပတ်ဝန်းကျင်နဲ့ သူ့ကိုအမှီသဟဲပြုနေတဲ့ သက်ရှိသက်မဲ့ အားလုံး ကိုပါ ထိခိုက်စမြဲအမှန်ဖြစ်ပါတယ်။
ဒီသစ်ပင်နှစ်ပင်အနက် တပင်ပြိုလဲပျောက်ကွယ်သွားတဲ့အကြောင်းကို စဉ်းစားရင်း ကျနော်နေထိုင်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအကြောင်းကို သွားစဉ်းစားမိတယ်။ ဒီပြည်ထောင်စုကို ဗမာလူမျိုးအပါ အဝင် ကျနော်တို့ တိုင်းရင်းသားတွေအားလုံး မိသားစုကြီးတခုလို ဖျာကြီးတချက်ပေါ် အတူတကွနေ ထိုင်ကြ တာပါ။ အဲဒီဖျာပေါ်မှာ နား၊ ဒီဖျာပေါ်မှာ စား၊ ဒီဖျာကြီးပေါ်မှာ အနိစ္စကံကုန်ကြတာပါ။ ဒီဖျာကြီး ရေရှည် တည်တံ့ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။
ဒီဖျာလေးအကြောင်းဆက်မရေးခင် တခုတောင်းပန်ချင်တာက ဘယ်လူမျိုးကိုမှ စော်ကားလိုစိတ်မရှိ ကြောင်း ပါ။ မိမိတိုင်းပြည်သာယာဝ ပြောလိုတဲ့စိတ်ဟာ ကျနော့်ရဲ့ စိတ်ရင်းစေတနာမှန်ပါ။
လက်ရှိ ကျနော်တို့ သျှမ်းပြည်သူသားတွေအားလုံးလဲ ဒီအတိုင်းပါဘဲ။ မိမိရဲ့ အဓိကရန်သူ၊ မိမိဖျာကြီး ကို ရန်မူ နေတဲ့ သူကိုမမြင်ဘဲ၊ ဒါကငါ့ရဲ့ဖျာ၊ ဒါကငါ့ဥစ္စာ၊ ဒါကငါ့ဟာပါလို့ ကွက်ပြီး ရယူပိုင်ဆိုင်လိုကြ တယ်။ သန်းခေါင်စာရင်းမကောက်ခင် မိမိလူမျိုးလူဦးရေစာရင်းမှန်ရဖို့တော့ ထားလိုက်ပါတော့။
၁၉၄၇ ကချင်ပြည်နယ်ဖြစ်လာဖို့ ဘယ်သူက ထောက်ခံပေးလဲ။ အခုတလော သျှမ်းပြည်မှာနေတဲ့ သျှမ်းပြည် တိုင်းရင်းသားတွေ သျှမ်းပြည်က ခွဲထွက်ပြီး နေပြည်တော်အစိုးရအောက် တိုက်ရိုက်နေ ချင်ကြတယ်။ သျှမ်းတွေ ရဲ့ထောက်ခံမှု မရရင်ဖြစ်လာနိုင်ပါ့မလား။
၂၀၀၈ ဖွဲ့စည်းပုံအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာတဲ့ တိုင်းရင်းသားတွေ၊ ဘဝင်ပိုမြင့်လာနေတယ်လို့မြင် မိ တယ်။ မိမိကိုယ်ပိုင်အုပ်ချုပ်ခွင့်ထဲမှာ မှီတင်းနေထိုင်တဲ့ သူတွေအပေါ်ဖိနှိပ်ချုပ်ချယ်မှု၊ အာဏာရှင် သဖွယ် ကျင့်ကြံလာမှု၊ အခွန်အခ၊ ဟိုကြေးဒီကြေးမကြာခဏကောက်ခံမှု၊ မိမိလူမျိုးထံတော့မကောက် ပဲ ချန်လှပ် ထားမှု စတာတွေကြားနေရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တစုတစည်းတည်းရှိနေတဲ့လူမျိုးတွေက ငါတို့အုပ်စုငါတို့လူမျိုးစု ဆက်စပ်နေတဲ့ ကျေး ရွာတွေအားလုံးစုပေါင်းပြီး ဒီလူတွေရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေကနေ ခွဲထွက်ရအောင်၊ မိမိနဲ့ဆက်စပ် နေ တဲ့ ကိုယ်ပိုင်အုပ်ခွင့်ရနယ်မြေ မဟုတ်တဲ့ မြို့နယ်နဲ့သွားပေါင်းနေဖို့ အခွင့်အရေးတောင်းရအောင်၊ မရရင် ဆန္ဒပြ ရအောင်ဆိုတဲ့အထိ သတင်းထွက်လာပါတယ်။
၂၀၁၄ နှစ်ဦးပိုင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော်ဌာနချုပ်မှာ သျှမ်းပြည်နယ်ဖွဲ့ စည်းပုံ အခြေခံဥပဒေ မူကြမ်းနဲ့ ပတ်သက်ပြီး လူထုတွေ့ဆုံမှုရှိခဲ့ပါတယ်။ အဲဒီမှာ အများတောင်းဆိုချက်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ ကိုယ်ပိုင်အုပ်ခွင့်ရလူမျိုးစုတွေက တခြားလူနည်းစုအပေါ် ဖိနှိပ်ချုပ် ခြယ် မှု၊ လွမ်းမိုးခြယ်လှယ်မှု ၊ အခွင့်အရေးချိုးဖေါက်မှုရှိနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေကို ကိုယ်ပိုင် အုပ်ချုပ်ရ နယ်မြေအဖြစ် ဆက်လက်ရပ်တည်ခွင့် ပေးဖို့မပေးဖို့ ပြန်လည် ဆန်းစစ်ရမည်္ဒ ဆိုသည့်အချက် ထည့်သွင်း ရေးသားခဲ့ရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ၀ ၊ ဓနု ၊ ကိုးကန့် ၊ ပအိုဝ်း၊ ပလောင် နဲ့ နာဂတိုင်းရင်းသား တို့ ကိုယ်ပိုင်အုပ်ချုပ်ရလာတာပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၃ (က ကနေ စ အထိ) က တိုင်းဒေသကြီး (သို့) ပြည်နယ် တစ်နယ် နယ်နိမိတ်ပြင်ဆင်သတ်မှတ်ဖို့နဲ့ပတ်သက်ပြီး ချမှတ်ထားတာရှိပါတယ်။
ဒေသအတွင်းနေထိုင်တဲ့သူကို ဆန္ဒမဲကောက်ရမယ်၊ ထက်ဝက်ကျော်ထောက်ခံမှုရရင် ယင်းနယ် နိမိတ်နဲ့ အကျုံးဝင်တဲ့ သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ်က ကိုယ်စားလှယ်တွေ ဆန္ဒရယူရ မယ်။ လေးပုံသုံးပုံ နဲ့ အထက်ထောက်ခံမဲ ရ ရပါလိမ့်မယ် --- စသဖြင့် ပါရှိပါတယ်။
ဒါကြောင့် သျှမ်းပြည်နယ်အတွင်းကိုယ်ပိုင်အုပ်ခွင့် ရပြီး ပြည်နယ်သစ်အဖြစ် အဆင့်တိုး ရပ်တည်လိုချင် တဲ့ လူမျိုးစုတွေ သတိမူရမှာက သျှမ်းတွေရဲ့ ထောက်ခံမှုမပါပဲ ပြည်နယ်သစ်တည်ထောင် ခွင့်ရပါ့ မလား။
လက်ရှိအနေအထားအရ စုပေါင်းအားမပြုဘဲ ဒါငါ့ဥစ္စာ ဒါငါ့ဖျာလို့ လုနေရင်တောင်ဘက် တိုက်လာ တဲ့ မုန်တိုင်း၊ အနောက်က ရိုက်လာတဲ့ရေလှိုင်း၊ အပေါ်က ကာတာကျိုးကျပြီး လွမ်းမိုးလာမယ့်ဒဏ်ကို မိမိလူမျိုးစုတခုတည်း၊ မိမိတဦးတည်းနဲ့ ဘယ်လောက်ကြံ့ခိုင် ခုခံနိုင်မှာလဲ။
သျှမ်းပြည်မှာ သျှမ်းမရှိရင် တခြားလူမျိုးတွေက အထက်ဖေါ်ပြပါဘေးအန္တရာယ်ကို မည်မျှခုခံနိုင်မလဲ။ ဒို့တ တွေ က ဖျာလုနေဆဲ၊ ဒို့တတွေက မသိဘဲ၊ ဒါမှမဟုတ် သိလျက်နဲ့ တမင်သက်သက် အာဏာရှင် လူတစု ကောင်းစားဖို့ အခွင့်အလှမ်းပေးသလိုဖြစ်မနေဘူးလား။ အပေါ်က ဆင်းလာတဲ့ သတ္တဝါကြီးက မိမိတိုင်းပြည် ထွက် သယံဇာတ၊ သစ်၊ လျှပ်စစ် နှင့် ဗမာအပါအဝင် မိမိတိုင်းရင်းသား လူမျိုးစု တွေကိုဝါးမြို နေပါပြီ။
မိမိလုနေသည့် ဒီဖျာ - ဟိုသတ္တဝါကြီးက ၂၄ နာရီ ယက်စား ခုတ်စား စုပ်စားနေတဲ့အတွက် ဖျာက တဖြည်း ဖြည်း ပါးလာပြီ။ ဖျာကပျက်ပါတော့မည်။ ပြီးရင်ဖျာပျောက်တဲ့ ဘဝလဲရောက်လာပါတော့မည်။
ဖျာပါး၊ ဖျာပျက်၊ ဖျာပျောက်မည့်ရန်ကို စုပေါင်းအားဖြင့်သာ ကာကွယ်နိုင်မည်မဟုတ်ပါလား။
ဆိုင်းခုံး
Tags: Opinion