ဗမာတကျပ် တိုင်းရင်းသားတွေ တယောက်တကျပ် ပြည်ထောင်စုကြီး ဘယ်တော့ဖြစ်လာမလဲ
သို့- သျှမ်းသံတော်ဆင့်
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ အခုဗိုလ်ချုပ်အောင်ဆန်း ရုပ်ထု တခု ထပ်ဆောက်ဖို့ မြို့နယ်အာဏာပိုင်များ စီစဉ် နေပါတယ်။
ဒေသခံ ရပ်မိရပ်ဖတွေရဲ့ဆန္ဒ လူထုဆန္ဒ မမေးဘဲနဲ့ ကမ္ဘောဇဘဏ်နားမှာ ကျောက်ရုပ်တင်ဖို့အုတ်ခုံတောင် ဆောက်ပြီးသွားပါပြီ။
ကျနော်တို့ ကျိုင်းတုံဟော်နန်း ကျနော်တို့ သမိုင်း ရာဇဝင်ကိုကျတော့ ဖျက်ဆီးတယ်။ သူတို့ သမိုင်း သူတို့ ရာဇဝင်ကိုတော့ မပျောက်ပျက်အောင် ထိန်းတယ်။ မြေကြီးထဲဝင်သွားတာတောင်ပြန်ဆွတယ်။ မရှိသေးတဲ့နေရာ ရှိအောင်အသစ်ဆောက်တယ်။ အလောင်းဘုရား ရုပ်ကလဲ အကြီးကြီး တစ်ရုပ်ဆောက်ပြီးပြီ။
ပြောတော စစ်မှန်ပြီး တရားမျှတတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့ဆို။ သူများသမိုင်းကိုဖျက်ပြီး ကိုယ့်သမိုင်းကိုဘဲ အသိအမှတ်ပြုဖို့ လုပ်နေတဲ့ပြည်ထောင်စုက စစ်မှန်တဲ့ ပြည်ထောင်စုလား။ လူမျိုးကြီးတမျိုးတည်းရဲ့အခွင့် အရေးကိုသာ အပြည့်အ၀ ပေးပြီး ကျန်တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေးကိုပိတ်ပင်ထားတာဟာ စစ်မှန်ပြီး တရားမျှတတဲ့ ပြည်ထောင်စုလား။
အာဏာရှင်တွေမေ့နေပြီလားမသိ။ စစ်အာဏာရှင်စနစ်မဟုတ်တော့ဘူး။ ပဒေသရာဇ် စနစ်လဲမဟုတ်တော့ဘူး။ အာဏာရှင်လူတစုရဲ့ ဆန္ဒအတိုင်းဘဲလုပ်သွားတော့မှာလား ။ ဒေသခံ ရပ်မိရပ်ဖတို့ရဲ့သဘောထားကိုရော မမေးတော့ဘူးလား။
တကယ်တော့ မြန်မာနိုင်ငံလွတ်လပ်ခြင်းအထိမ်းအမှတ်အဖြစ် ပင်လုံကျောက်တိုင် တခုတည်းရှိရင်တောင် ပြည့်စုံပါပြီ။
တိုင်းရင်းသားတွေ မပါဘဲ ဗိုလ်ချုပ်အောင်ဆန်းတယောက်ထဲလွတ်လပ်ရေးယူလို့ မရနိုင်ပါဘူး။ ဗမာတွေလွတ်လပ် ရေး ရသွားခဲ့တယ်ထားဦး တိုင်းရင်းသားတွေဟာ ဗမာနဲ့အတူ လွတ်လပ်ရေး မယူရင်ခုချိန်ဆို သူ့ဟာနဲ့သူ လွတ်လပ် နေကြပြီဖြစ်တဲ့ နိုင်ငံတွေအသီးသီး ဖြစ်နေရောပေါ့။
ထားလိုက်ပါတော့ ။ ခုချိန်မှာတော့ မဖြစ်နိုင်တော့တာ တွေးမနေတော့ပါဘူး။ ဒါပေမယ့် အခုချိန်မှာ မဖြစ်သေးတဲ့ (ဝါ) အနာဂတ်မှာဖြစ်လာမယ့် တိုင်းရင်းသားတွေလိုချင်တဲ့ စစ်မှန်သောပြည်ထောင်စုဖြစ်ဖို့ ဒီလိုအသေးအဖွဲကိစ္စ တွေကအစ သတိထားလုပ်သွားသင့်တယ်ဆိုတာကိုဘဲ သတိပေးချင်တာဖြစ်ပါတယ်။
ဗမာတကျပ် တိုင်းရင်းသားတွေ တယောက်တကျပ် ပြည်ထောင်စုကြီး မြန်မြန် ဖြစ်ပေါ်လာပါစေလို့မျှော်လင့်ရင်း-
ကျိုင်းတုံက စိုင်းလုံ
Tags: Letter to Editor