နယ်ခြားချောင်းရေတိုက်စားမှုကြောင့် သျှမ်းပြည်နယ်မြေတရုတ်ဘက်ခြမ်းပါ
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်ဝမ်းချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ နမ့်ခမ်းဘက်မှ ဒေသခံတို့၏ လယ်ယာ ဥယျာဉ် ခြံမြေများ နယ်ခြားချောင်းရေနှင့်အတူ မျောပါသဖြင့် နှစ်စဉ်ဆုံးရှုံးမှုရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
နမ့်ဝမ်းချောင်းသည် မြန်မာနိုင်ငံ ကချင် - တရုတ်နယ်စပ်၊ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် - နောင် တောဝ်း (တရုတ်) နယ်ခြားမျဉ်းအဖြေစ် ၁၀ မိုင်ခန့် ပိုင်းခြားထားသည်။ ထိုမှတဆင့် နမ့်ခမ်းမြို့နယ် အတွင်း ဝင်ကာ တရုတ်-မြန်မာနယ်စပ် အဖြစ် ၁၀ မိုင်ခန့်ရှည်လျားသည်။
![]() |
| -မြန်မာဘက်ခြမ်းမှ ချောင်းကမ်းပါးအား ကျောက်ဖြင့်ကာထားသည့်ပုံ |
အဆိုပါချောင်း၏ တရုတ်နိုင်ငံ ဘက်ခြမ်းတွင် ကမ်းပါးများ ကျောက်စီထားသောကြောင့် ချောင်းရေ သည် မြန်မာဘက်ခြမ်းကမ်းပါးအား ပိုမိုတိုက်စားကြောင်း၊ ထို့ကြောင့် မြစ်လယ်၊ ချောင်းလယ် ရှိ နယ်ခြားမျဉ်း မြန်မာဘက် တိုးဝင်လာကြောင်း နမ့်ခမ်းမြို့ ရပ်မိရပ်ဖ များပြောပြချက်အရသိရသည်။
![]() |
| -မြန်မာဘက်ခြမ်းမှ ချောင်းကမ်းပါးအား ကျောက်ဖြင့်ကာထားသည့်ပုံ |
ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် နမ့်ခမ်းမြို့နယ်အတွင်း မန့်ဆွမ်းရွာ၊ မန့်အိုင်တိုက်၊ နောင်မွန်း၊ ပန်ခမ်း၊ ကုန်းခမ်းရွာဒေသခံ လယ်ယာမြေဧကပေါင်းများစွာ နှစ်စဉ် ဆုံးရှုံးနေသည်ဟုဆိုသည်။
၎င်းနှင့်ပတ်သက်၍ ဒေသခံများက သျှမ်းပြည်နယ်အစိုးရအား တင်ပြအကူအညီတောင်းရာ ၂၀၁၄ နှစ်ဆန်းမှစ၍ နမ့်ဝမ်းချောင်းကမ်းပါးအား ကျောက်စီဘောင်ခတ်ပေးကြောင်း၊ သို့သော် ဆက်တိုက် လုပ်ခြင်းမဟုတ်သဖြင့် ရေ တိုက်စားမှု ပြင်းသောနေရာများတွင် ဒေသခံများက ကိုယ့်အားကိုယ်ကိုးကာ ကျောက်စီကြရကြောင်း၊ တချို့ သောအပိုင်းတွင် သစ်၊ ဝါးများဖြင့်သာ ကာရသဖြင့် တောင့်တင်းခိုင်မာမှုမရှိကြောင်း မန့်ဆွမ်းရွာခံအကြီးအကဲ တဦးက ပြောသည်။
“ အစိုးရက ၂၀၀၆ တုန်းက ရွှေလီမြစ်ကမ်းကို ပေ ၂၀၀ လောက်ကျောက်လာစီပေးတယ်။ ၂၀၁၀ တုန်းက ပေ ၁၀၀ လောက်နဲ့ ၂၀၁၄ မှာကျတော့ ပေ ၁၅၀ လောက်လာကာပေးတယ်။ တဆက်တည်းမဟုတ်ဘဲ ပြတ်တောင်းပြတ်တောင်း လုပ်သွားတယ်” ဟု ဒေသခံ စိုင်းပီးက ပြောသည်။
ရွှေလီမြစ်ဝှမ်းဒေသနေ စိုင်းဝန်းက - မြစ်ရေတိုက်စားခြင်းဖြင့် လယ်ယာမြေဆုံးရှုံးရသည်မှာ နမ့်ဝမ်းချောင်း တလျှောက်နေထိုင်သူများသာမက ရွှေလီမြစ်ကမ်းနေ မူစယ်၊ နမ့်ခမ်းမြို့မှ လယ်သမားများလည်း လယ်ယာမြေများ ဆုံးရှုံးရကြောင်း ပြောပါသည်။
Tags: Environment, News



