သျှမ်းမြောက် တရုတ်-မြန်မာ နယ်စပ်ဘက်တွင်နေ့စဉ်မော်တော်ဆိုင်ကယ်များအခိုးခံရ



သျှမ်းပြည်မြောက်ပိုင်း တရုတ်မြန်မာနယ်စပ်ဖြစ်သော နမ့်ခမ်းမြို့တွင် နေ့စဉ် မော်တော်ဆိုင်ကယ်များ အခိုးရ ကြောင်း သျှမ်းသံတော်ဆင့်မှသတင်းရရှိသည်။

အကောင်းစား စာရင်းဝင် ဆိုင်ကယ်

မော်တော်ဆိုင်ကယ်များ အနည်းဆုံး တစ်နေ့ နှစ်စီး အခိုးခံရကြောင်း၊ ယိုးဒယား နိုင်ငံထုတ်နှင့်တရုတ် နိုင်ငံ ထုတ် (CLICK) ကလစ် AUTO ဆိုင်ကယ်အမျိုးအစားနှင့် တရုတ်ငွေ ၃၈၀၀ ယွမ် (မြန်မာကျပ် ၆သိန်းဝန်းကျင်)နှင့်အထက် ဈေးနှုန်းရှိ မော်တော်ဆိုင်ကယ်အကောင်းစားများဖြစ်ကြကြောင်း မော်တော် ဆိုင် ကယ်ပြုပြင်ရေး ဆိုင်ပိုင်ရှင် စိုင်းအိုက်ထွန်း ကဆိုသည်။

“   လူစည်ကားတဲ့နေရာ  ပြည်သူ့ဆေးရုံ၊ ဆေးပေးခန်းများ ၊မြို့လယ် ဘုရားနားက ပန်ပွဲညဈေးတန်း၊ မြို့မဈေး၊ ကုန်စုံဆိုင်၊ စားသောက်ဆိုင်၊ ကာရာအိုကေဆိုင် ၊ လူသူကင်း ရှင်းတဲ့ လယ်ကွင်းဘေး နေရာများ နဲ့ နိုင်ငံရေးရုံးရှေ့ စတဲ့နေရာတွေမှာ များသောအားဖြင့် ဆိုင်ကယ် အခိုးခံရပါတယ် ”ဟု ၄င်းကပြောသည်။

မော်တော်ဆိုငင်ကယ် သူခိုးများမှာ ယာဘဆေးကြောင်သော ဆယ်ကျော်သက်  တဖက်နိုင်ငံမှလူငယ် အဖွဲ့များဖြစ်ကြကြောင်း၊   ဆိုင်ကယ်သူခိုးဟု အထင်မခံရအောင် အကောင်းစား  အဝတ်အစားများ ၀တ်ဆင်ထားကြောင်း ဒေသခံမျက်မြင်  စိုင်းဖိုးခင် ကဆို သည်။

“ မနေ့ ည  ဒေါက်တာနန်းချောစုထွေးဆေးခန်းမှာ လိုင်စင် ယိုးဒယားဘီး ကလစ်ဆိုင်ကယ်တစ်စီး ပျောက် တယ်၊ သူတို့ ဆေးခန်းလာပြီး ဆေးထိုးနေတဲ့ အချိန်ပျောက်သွားတာ၊   ဟိုကတ် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်  စိုင်းအုန်းကျော် ရဲ့ဆိုင်ကယ်ပေါ့။ လယ်ဆင်းကောက်စိုက်တဲ့ ကောက်စိုက်သမတွေရဲ့ ဆိုင်ကယ်တွေလည်း   နေ့တိုင်း ပျောက်တယ်။ ” - ဟု ၄င်းက သျှမ်းသံတော်ဆင့်အား ပြောသည်။

ကျားခေါင်းပါတီ SNLD ဒု - အတွင်းရေးမှူး  စိုင်းဆိုင်ဖ ကလည်း “ ဒီပြီးခဲ့တဲ့ ၄ ရက်  မွန်းတည့်လောက်တုန်းက ကျနော်တို့ရုံးရှေ့မှာလည်း ဆိုင်ကလုံးတံဆိပ်  တရုတ်ဆိုင်ကယ် တစ်စီးပျောက်တယ်၊  ကျားဖြူပါတီ အလုပ် အမှုဆောင်အဖွဲ့ဝင်တယောက်ရဲ့ဆိုင်ကယ်ပေါ့၊ ဒီနေ့အထိ ဒေသခံတွေရဲ့ဆိုင်ကယ် တနေ့ ၂ စီးလောက် ပျောက်နေတယ်။ ဆိုင်ကယ်သူခိုးကိုလည်း အာဏာပိုင်တွေမဖမ်းမိသေးဘူး ”  ဟု ၄င်းကဆိုသည်။

အခိုးခံရသောဆိုင်ကယ်များကို ပြန်ရောင်းဝယ်နေသောနေရာမှာ အောက်ဘီးဟုခေါ်ကာ မြန်မာပြည်အလယ် ပိုင်း  မြင်းခြံ၊ မိထ္တိလာ၊ မုံရွာနှင့် မန္တလေး ၊ ပြင်ဦးလွင် ဘက်မှဒေသခံများ လာရောက်ဈေးကောင်းပေးဝယ် နေပြီး၊ ရွှေလီမြစ်တစ်ဘက်ကမ်း တရုတ်-မြန်မာ နယ်ခြားမျဉ်းပေါ်တွင်တည်ရှိသော မူစယ်ခရိုင် နောင်ခိုကျေးရွာ ၊တာစန့် ကျေးရွာ စသည့် အစိုးရထိန်းချုပ်မှုဝေးလံသောနေရာများတွင် ခိုးဘီးမော်တော်ဆိုင်ကယ်များကို လွှတ် လပ်စွာရောင်းဝယ်နေကြကြောင်း ဒေသခံများကပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates