တရုတ်နယ်စပ်တွင် အစိုးရစစ်တပ်အရာရှိနှစ်ဦး သတ်ဖြတ်ခံရ



သျှမ်းပြည်မြောက်ပိုင်း ၊ နမ့်ခမ်းမြို့  တရုတ်-မြန်မာနယ်စပ်၊  ရွှေလီမြစ်တစ်ဘက်ကမ်းရှိ မန့်ဟောင်းကူးတို့ဆိပ် လမ်းခွဲ  နောင်မတာကျေးရွာအနီး၌ ဂျူလိုင်လ ၂၉ ရက်က အစိုးရစစ်တပ်အရာရှိနှစ်ဦး သတ်ဖြတ်ခံရ ကြောင်းသတင်းရရှိသည်။

သတ်ဖြတ်ခံရသည့် တပ်ခွဲမှူးအလောင်းအား ကြံခင်းအနီးတွင်တွေ့ရစဉ်

သတ်ဖြတ်ခံရသူမှာ နမ့်ခမ်းမြို့နယ်  နောင်မတာကျေးရွာတွင် အခြေချလှုပ်ရှားသော အစိုးရတပ်မှ  တပ်ခွဲမှူး ဗိုလ်ကြီး ၀င်းသူရထွန်း နှင့် (အမည် မသိ) တပ်ကြပ်ကြီး တဦးတို့ဖြစ်ပါသည်။ ၄င်းနှစ်ဦးသည် နမ့်ခမ်းမြို့မှ ဈေး ဝယ်ပြီးအပြန်တွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့်ဒေသခံတဦးက ပြောဆိုသည်။  

“တပ်ခွဲမှူးက ရင်ဘတ်မှာသေနတ်ဒဏ်ရာတစ်ချက်နဲ့ ဦးခေါင်းမှာ ဓါးခုတ်ရာ ဒဏ်ရာတစ်ချက်၊ သုံးရစ်အရာရှိ က တော့ ၀မ်းဗိုက် ပိုင်းကနေ ကျောဘက်ပေါက်တဲ့ သေနတ်ဒဏ်ရာတစ်ချက်ထိသွားတယ်။ တပ်ခွဲမှူးသေတဲ့ နေရာ နဲ့ မလှမ်းမကမ်းမှာဘဲ သူ့အလောင်းက။ တပ်ခွဲမှူးအလောင်းက လမ်းရဲ့တဖက်ခြမ်း တရုတ်နယ်နိမိတ်ထဲမှာ။ နောက် တယောက်ကတော့  ရွာအဝင်လမ်း လယ်ကွင်းထဲမှာ။ နေရာက မဝေးဘူး။  နယ်စပ်ဆိုတော့ လေ။ ” ၄င်းက ပြောသည်။

အလောင်းများကို ယမန်နေ့ မွန်းတည့်ချိန်ကတွေ့ရပြီး နောင်မတာကျေးရွာသည် တရုတ်နယ်နိမိတ်နှင့် ထိစပ် လျှက်ရှိ နေ သောကြောင့်  နှစ်နိုင်ငံရှိတာဝန်ရှိသူများ လာရောက်ရှိစစ်ဆေးလျှက်ရှိနေပါသည်။ အဆိုပါအလောင်း များကို နမ့်ခမ်းပြည်သူ့ဆေးရုံသို့ ည ၇:ဝဝ က ပို့ဆောင်ပြီး  ခွဲစိတ်စစ်ဆေးကြကြောင်း နမ့်ခမ်းမြို့ အုပ်ချုပ်ရေးမှူး နှင့်နီးစပ်သည့် အသိုင်းအဝိုင်း ကဆိုသည်။

ယခု အစိုးရစစ်တပ်အရာရှိ နှစ်ဦးသတ်ဖြတ်ခံရသော နောင်မတာကျေးရွာသည် ယခင်က သျှမ်းပြည် တပ်မတော် ၏  ၇၀၁ စစ်ဒေသ  တပ်စခန်းအခြေစိုက်ရာဒေသဖြစ်ပြီး  ၂၀၁၃ ခုနှစ် မေလ က အစိုးရစစ်တပ်မှ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက် လိုက်သည်။ လက်ရှိတွင်  မြန်မာ့တပ်မတော် တပ်မ ၈၈ လက်အောက်ခံတပ်ရင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့သာ အခြေစိုက်လှုပ်ရှားကြောင်းသိရပါသည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ နယ်စပ်ဖြတ်ကျော်သူများထံမှ အခွန်ကောက်ယူပြီး အဝေ မတည့်မှုကြောင့် ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သည့်ပြည်သူ့စစ်အသိုင်းအဝိုင်းကပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates