မန္တလေးအဓိဂရုဏ်းကြောင့်လားရှိုးမြို့နေ မူစလင်ဘာသာဝင်များ စိုးရိမ်ထိပ်လန့်
ဂျူလိုင်လဆန်းပိုင်း၌ ဖြစ်ပွားခဲ့သော မန္တလေးမြို့ အဓိကရုဏ်းကြောင့် သျှမ်းပြည်မြောက်ပိုင်း မူစလင် ဘာသာဝင် အန္ဒိယမျိုးနွယ်စုများက မိမိတို့အသက်အိုးအိမ်ထိပါးရန်ပြုလာမည်ကို အထူးစိုးရိမ်နေ ကြသည်ဟု မူစလင်ဘာသာဝင် လူငယ် အာပိုင်အွန်က ပြောသည်။
![]() |
| မန္တလေးမြို့တွင်ဖြစ်ပွါးနေသောဘာသာရေးပဋိပက္ခကြောင့် လုံခြုံရေးချထားသည်ကိုတွေ့ရစဉ် (Pho: AKM/DVB) |
ဂျူလိုင် ၂ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မန္တလေးအဓိဂရုဏ်းကြောင့် လားရှိုးနေ မူစလင်ဘာသာဝင် အန္ဒိယမျိုးနွယ်စု စီးပွားရေးလုပ်ငန်း ဆိုင်ခန်းများ၊ လဘက်ရည်ဆိုင်များ၊ နေအိမ်များ၊ ဝတ်ပြုကိုးကွယ် ရာ ဗလီများ၌ အဓိဂရုဏ်းဖြစ်ပွါးမှုလိုလားသူအုပ်စုများ လာရောက်ရန်ပြုလာမည်ကို အထူး စိုးရိမ်သော ကြောင့် သတိဝိရိယထား သွားလာလှုပ်ရှားနေရကြောင်း၊လူငယ်နှင့်အမျိုးသမီးငယ်များ ထိုင်း နိုင်ငံ သို့ တိမ်းရှောင်ကြကြောင်း အဆိုပါလူငယ်က သျှမ်းသံတော်ဆင့်သို့ ပြောပါ သည်။
“ကျနော့်ရဲ့ သူငယ်ချင်းအမျိုးသမီတချို့ တာချီလိတ်ကတဆင့် ထိုင်းဘက်သွားတာရှိတယ်။ ယောက်ကျားလေးတချို့လဲပါတယ်။ ကျနော်တို့ကတော့ဗျာ သွားလို့မဖြစ်ဘူး။ အရင်တုန်းကလို မီးရှို့ ဖျက်ဆီးမှု မဖြစ်ရလေအောင်၊ နောက်ထပ် လူ့အသက်ဆုံးရှုံးမှုမဖြစ်ရလေအောင် လူငယ် တွေ လူကြီး တွေ တိုင်ပင်နေကြတယ်။ မလိုလားအပ်တဲ့ဟာတွေ ပေါ်ပေါက်လာရင် ဒေသခံအကြီးအကဲတွေ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဘယ်လိုပူးပေါင်းဖြေရှင်းမလဲ ဆိုတာ ဆွေးနွေးနေကြပါတယ်” - ဟု လူငယ်အာပိုင်အွန် ကပြောသည်။
“မူစလင်မုန်းတီးရေးအဖွဲ့တွေလည်း လျှို့ဝှက်ပြင်တာတွေကြားနေတယ်။ နောက်ပြီး မူစလင်ဘာသာဝင် လူငယ်အယောက်သုံးဆယ်ခန့်လဲ ကိုးကွယ်ဝတ်ပြုတဲ့နေရာနဲ့ အသက်အိုးအိမ်တွေကို ကာကွယ်ဖို့ လျှို့ဝှက်ပြင်ဆင်တာတွေကျနော်တို့ကြားရပါတယ်။ ဒါ့ကြောင့် နှစ်ဘက်စလုံးကို မျက်ခြေမပြတ် စောင့်ကြည့်နေရတယ်လို့” ဟု လားရှိုးမြို့ စစ်ထောက်လှမ်းရေးအသိုင်းအဝိုင်းက ပြောသည်။
၂၀၁၃ ခု မေ ၂၈ ရက်က ကျိုင်းတုံနေ မူစလင်ဘာသာ ယုံကြည်ကိုးကွယ်သူ အသက် ၄၀ အရွယ် ကိုနေဝင်းက လားရှိုးဒေသခံ မအေးအေးဝင်းအား ဓါတ်ဆီလောင်းမီးရှို့ရာမှ လူတဦး သေဆုံးမှု ဗလီမီးရှို့ဖျက်ဆီးခံရမှုအထိ အဓိကရုဏ်းဖြစ်ပွားခဲ့သည်။
မန္တလေးမြို့တွင်လည်း ဘာသာရေး အဓိဂရုဏ်းကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်ကြေငြာသည့် အဆင့်ရောက်ရှိပြီး ယနေ့အထိ ပြဿနာများစိုးရိမ်နေရဆဲ အခြေအနေဖြစ်နေပါသည်။
Tags: General, News


