ကုမ္မဏီက ခြံပိုင်ရှင်လင်မယားအား တရားစွဲ



သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တရားရုံး၌ ကိုးကန့်လူမျိုးပိုင် T&C ကုမ္မဏီက ခြံပိုင်ရှင် လင်မယားအား ကုမ္မဏီပိုင်မြေအတွင်း လာရောက်စိုက်ပျိုးလုပ်ကိုင်မှုနှင့်ပတ်သက်ပြီး တရားစွဲဆို ထားကြောင်း သိရှိရပါသည်။



“ဘိုးဘွားအစဉ်အဆက် စိုက်ပျိုးလုပ်ကိုင်လာတော့ အဲဒီလင်မယားလည်း သူတို့မြေဆိုပြီး စိုက်ပျိုး တယ်။ ဒါပေမဲ့ ကုမ္မဏီက မြေဂရမ် ပုံစံ ၁၀၅ ကိုင်ထားတယ်။ သူတို့ ဘယ်တုန်းက ဘယ်လိုရသွား မှန်းလဲ မသိဘူး။ ကျနော်တို့ရွာမှာ ပုံစံ ၁၀၅ ရှိတဲ့ တောင်သူလယ်သမားဆိုတာ ရှားပါတယ်” ဟု သွားရောက်နားထောင်ခဲ့သည့် လယ်သမား စိုင်းပီး က ပြောပါသည်။



နားဆိုင်းကျေးရွာနေ စိုင်းအိုက်ဩနှင့် နန်းအေးယုံ ခြံပိုင်ရှင်လင်မယားအား T&C ကုမ္မဏီမှ မန်နေဂျာ ဦးသန်းလင်းအောင်က ကုမ္မဏီပိုင်မြေအတွင်း လာရောက်စိုက်ပျိုးလုပ်ကိုင်မှုနှင့် ပတ် သက်ပြီး ဂျူလိုင်လ ၃၁ ရက် မွန်းလွှဲ ၁ နာရီ နမ္မတူမြို့နယ်တရားရုံး၌ တရားစွဲဆိုကြောင်း၊ တရားရုံး သို့ နားဆိုင်းကျေးရွာ တောင်သူလယ်သမားနှင့်အတူ သျှမ်းတောင်သူလယ်သမားများကွန်ယက်တို့မှ စုစုပေါင်း ၉၀ ခန့် လာရောက်နားထောင်ခဲ့ကြကြောင်း ဆို၏။


“တောင်သူလယ်သမားတစ်ယောက် ထိခိုက်နစ်နာရင် တောင်သူလယ်သမားအားလုံး ထိခိုက်နစ်နာ သလိုဘဲ။ ဒါကြောင့် ဘယ်တောင်သူလယ်သမားဖြစ်ဖြစ် မတရားခံရရင် အမှုရင်ဆိုင်ရရင်တော့ ကျနော်တို့ သျှမ်းတောင်သူလယ်သမားများကွန်ယက်က သွားရောက်အားပေးကူညီမှာဘဲ” ဟု သျှမ်းတောင်သူလယ်သမား များကွန်ယက်မှ စိုင်းခမ်း က ပြောပါသည်။


လွန်ခဲ့သည့် ၅ နှစ်ခန့်က ဘိန်းအစားထိုးသီးနှံစီမံကိန်းအတွက် T&C ကုမ္မဏီက ဒေသခံရွာသူ ရွာသားများနှင့် အကျိုးတူ ရာဘာစိုက်ခင်း လုပ်ကိုင်ရန် အစိုးရထံ ခွင့်ပြုချက် ရရှိထားကြောင်း၊ ကုမ္မဏီမှ အရင်းအနှီးအားလုံး စိုက်ထုတ်ရမည်ဖြစ်ကြောင်း၊ ရာဘာအရောင်းအဝယ်ဖြစ်ထွန်းပါက အစွန်းအမြတ်ကို တစ်ဝက်စီ ခွဲယူရမည်ဖြစ်ဟု သဘောတူစာချုပ်၌ ရေးသားထားကြောင်း နားဆိုင်း ဒေသခံများက ဆို၏။


“နှစ်တွေတောင် တော်တော်ကြာနေပြီ။ ကုမ္မဏီက ဘာမှလာမစိုက်တော့ ရွာသူရွာသားတွေလည်း သူတို့နဲ့ မလုပ်ချင်တော့ဘူး။ ဒီမြေဟာ မိသားစုဝမ်းစာအတွက်၊ ရပ်ရွာအကျိုးသယ်ပိုးဖို့အတွက် အလွန်အရေးကြီးတယ်လေ။ ဒါကြောင့် ဘိုးဘွားအစဉ်အဆက် စိုက်ပျိုးလာခဲ့တဲ့မြေမှာ ပြန်စိုက်ပျိုး လုပ်ကိုင်တာဖြစ်တယ်” ဟု နားဆိုင်းဒေသခံ နန်းအိမ် ကလည်း ပြောပါသည်။


ကုမ္မဏီက ၎င်းတို့ ပုံစံ ၁၀၅ မြေဂရမ် ရရှိထားကြောင်းကို ရှင်းလင်းပြသခြင်း မရှိသည့်အတွက် ရွာသူရွာသားများလည်း သိခွင့်မရခဲ့ကြောင်း ဒေသခံများက ဆိုပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates