လားရှိုးမြို့မဈေးအတွင်း ကျပ်သိန်း ၁၀၀ တန်ဖိုးရှိရွှေထည်များ ဓါးပြတိုက်ခံရ



သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့မဈေးအတွင်းရှိ ရွှေဆိုင်တခုအား ပစ္စတိုသေနတ် ကိုင်ဆောင်သူ  တဦး က ဝင်ရောက်ဓါးပြတိုက်ရာ ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။



စက်တင်ဘာ ၂၄ ရက် ၂၀၁၄ နေ့ခင်းပိုင်း၌ လားရှိုးမြို့ လွယ်ရိုး မြို့မဈေးအတွင်းရှိ ‘ဝေဟင်’ ရွှေဆိုင် အား ပစ္စတိုသေနတ်ကိုင်သူ လူတယောက်က  ဝင်ရောက်ကာ ရွှေဆိုင်ပိုင်ရှင် စိုင်းထွန်းမြတ်ကို သေနတ် ထောက်၍ ရွှေထည်များအားဓါးပြတိုက်ကြောင်း၊  ရွှေလက်စွပ်များထည့်ထားသည့်ဗန်းမှ ၃ ဆုပ် ဆုပ်ယူ သွားကြောင်း  ၊ ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော် ရှိကြောင်း ကိုယ်တိုင်မြင်တွေ့ရသူ  အားရင် က ပြောပါသည်။

“ဓါးပြကတယောက်ထဲ။ မျက်နှာဖုံးအနက်ရောင်စွပ် ထားတယ်။ ရွှေတွေကို ယူပြီး အောင်သီရိ ရုပ်ရှင်ရုံ ဘက်ထွက် သွားတယ်။ ဆိုင်ကယ်အသင့် နိုးပြီး စောင့်နေတဲ့ နောက်တယောက်နဲ့ လိုက်စီးပြီး ထွက်ပြေး သွားတယ်။ နေ့ခင်းကြောင်တောင်မို့ လူတွေက အံ့အားပြီးဘယ်သူမှလည်း သူတို့နောက် မလိုက်ရဲကြဘူး ” - ဟု  နန်းအားရင် ကပြောသည်။

အဆိုပါ ဓါးပြအား ယနေ့တိုင် ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း လားရှိုးမြို့ခံများကပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရွှေကုန်သည်နန်းမွန်းကလည်း လားရှိုးမြို့သည် လက်နက်ကိုင်သူ ပေါများ သောကြောင့် ဈေးသည်များလုံခြုံစိတ်ချမှု လုံးဝ မရှိတော့ကြောင်း၊ မန်ဆူပလာဇာအပါအဝင် ဈေး အတွင်း လုံခြုံ​ရေးတိုးချသင့်ကြောင်း ဤကဲ့သို့ပြောသည်။

“ရဲတပ်ဖွဲ့ကို ငှါးရင်ငှါး။ မငှါးရင်လဲ ကိုယ့်ဟာကို ပိုက်ဆံစုပြီးလုံခြုံရေးချရတော့မယ်။ အခုဟာကအသက် အန္တရာယ်ပါ စိုးရိမ်ရတယ်။ ကိုယ်ကခုခံရင် ပစ်သတ်ခံရမှာ၊ ဗီဒီယို ဇါတ်လမ်းတွေထဲက အတိုင်းဘဲ ၊ ဓါးပြတွေ ထွက်ပြေးပြီးမှဘဲ အာဏာပိုင်တွေ ရောက်လာတော့တယ်။ အခု လဲ ဒီအတိုင်းဘဲ” - ဟု ပြော သည်။

ယမန်နှစ်ဧပြီလ တုန်းကလည်း မူစယ်မြို့ ​စည်ပင်သာယာဈေး ‘ရွှေလင်းရောင်’ ရွှေဆိုင်အား သေနတ် သမား သုံးဦး ဓါးပြဝင်တိုက်သောကြောင့် ရွှေတပိဿာပါသွားခဲ့သည်။

ယခုနှစ်အတွင်း နယ်စပ်တလျှောက်တွင် လောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါးများကြောင့် လုယက်မှု ဓါးပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွါးခဲ့ရာ မကြာသေးခင်ကလည်း လောင်းကစားရှုံးမှုကြောင့်မူစယ်မြို့ ကောင်းမူးလွယ်ရပ်ကွက်တွင် နေအိမ်အတွင်းဝင်ရောက်ဓါးပြတိုက်မှုဖြစ်ပွါးခဲ့ပါသေးသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates