ပင်လုံမြို့ဒေသတွင်း သံဃာတော်များအား ၃၈ ကြိမ်မြောက် မဟာဒုတ်လှူဒါန်း



သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ​ဒေသတွင်းသံဃာတော် တစ်ထောင်ကျော်အား  ၃၈ ကြိမ်မြောက်  မဟာဒုတ်အလှူကို ဒေသခံများ စုပေါင်းအင်အားဖြင့် လှူဒါန်းပြီးစီးခဲ့ကြောင်း သိရပါသည်။

ပင်လုံမြို့ခံများ၏ မဟာဒုတ်အလှူ

ယခုနှစ်အလှူအတွက် ပင်လုံမြို့နယ်အတွင်း ကျောင်းအသီးသီးမှ သံဃာစုံအပါးပေါင်း ၁၄၀၀ ကျော်အား  မင်္ဂလာမွေတော်ကျောင်းတွင် စုရပ်ထားကာ အလှူရှင်များက  မဲနှိုက်ရရှိသော အပါးကို ပင့်ဆောင်လှူဒါန်း ရကြောင်း သိရပါသည်။

မဟာဒုတ်အလှူကို တော်သလင်းလဆန်း ၈ ရက်က လှူဒါန်းပြီးစီးခဲ့ပြီးဖြစ်ကြောင်း ပင်လုံမြို့ခံများက ပြောသည်။

မဟာဒုတ်အလှူအတွက် မဲလိပ် ၁၄၀၀ ကျော်ထဲတွင် ဗုဒ္ဓမြတ်စွာဘုရားဆင်းထုတော်တစ်ဆူ ပါဝင်ပြီး ဆင်းထုတော်မဲနှိုက်မိသည့်အလှူရှင်မှာ အလှူရှင်များအနက် ကံအကောင်းဆုံးဟု ယုံကြည်ကြပြီး ၃ ရက် ဆက်တိုက် လှူဒါန်းပွဲကြီး ကျင်းပခဲ့ပါသည်။

"ကျမတို့အိမ်က နှစ်တိုင်းဘဲ မဟာဒုတ် လှူတယ်။  ဒီမဟာဒုတ်ပွဲတော်ဟာ မြင့်မြတ်သော အလှူလို့မှတ်ယူ တယ်။ မျက်နှာမရွေး၊ ပုဂ္ဂိုလ်မရွေးတဲ့အလှူဖြစ်တယ်။ ဘာလို့လဲဆိုတော့ မဲနှိုက်မိတဲ့ ပုဂ္ဂိုလ်ကို လှူဒါန်းရတာ ကိုး။ ပြီးတော့ဒီအလှူဟာ  မြတ်စွာဘုရား လက်ထက်ကတည်းက ရှိလာခဲ့တာလေ"ဟု အလှူရှင် ပါ့နန်းက သျှမ်းသံတော်ဆင်အား ပြောသည်။

တဖက်ကလည်း ပင်လုံမြို့ မဟာဒုတ်အလှူသည် အနယ်နယ်အရပ်ရပ်မှ လာရောက်ပြီး ပညာသင်ယူနေသော သံဃာတော် သာမဏေတော်များလည်း ရှိသဖြင့် စာသင်သံဃာတော်များအတွက်လည်း အထောက်အပံ့ ဖြစ်စေကြောင်း မွေတော်ကျောင်းတိုက်မှသံဃာတော် အရှင်ခေမာစာရက မိန့်တော်မူသည်။

"စာသင်သား တချို့တွေမှာ မိဘနဲ့ဝေးတယ်။ မိဘက ထောက်ပံ့မှု မပေးနိုင်ဘူးဆိုတော့ ဒီမဟာဒုတ်အလှူက နေရတဲ့ ဆွမ်း ခဲဖွယ်နဲ့ လှူဖွယ်ဝတ္ထုတွေဟာ သူတို့အတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ် " ဟု ဆိုပါသည်။

မြတ်စွာဘုရားလက်ထက်က  သူဆင်းရဲလယ်သမား မဟာဒုတ်လင်မယားသည် သံဃာတော်တပါးအား ဆွမ်း လှူရန် တာဝန်ကျရာ ကျောင်းသို့ သံဃာပင့်ဆောင်ရန်သွားစဉ်  ကျောင်းတွင် မြတ်စွာဘုရားတပါးတည်းသာ ကျန်တော့သဖြင့် ဆွမ်းတနပ် မဖြစ်မနေ ရှာဖွေလှူဒါန်းရန် မဟာဒုတ်က ဆုံးဖြတ်ကာ မြတ်စွာဘုရားအား နေအိမ်သို့ ပင့်ဆောင်ခဲ့သည်။  မြတ်စွာဘုရား၏ သပိတ်တော်ကို သယ်ဆောင်လာသော မဟာဒုတ်  သူဆင်းရဲ လင်မယားအား ချမ်းသာသောသူများကတွေ့သောအခါ  မြတ်စွာဘုရားကို လှူဒါန်းချင်သဖြင့် သပိတ်တော်ကို အသပြာငွေကြေးဖြင့် လဲလှယ်ရန် ပြောဆိုကြသည်။ သို့သော် ဇနီးမောင်နှံနှစ်ဦးက မလဲလှယ်ဘဲ မြတ်စွာ ဘုရားအား  သဒ္ဓါထက်သန်စွာ ကြိုးစားအားထုတ်ကာ ဆွမ်းကပ်လှူဒါန်းနိုင်ခဲ့လေသည်။ မြတ်စွာဘုရား ဆွမ်းဘုန်းပေးပြီးနောက် ဆွမ်း အနုမောဒနာ တရားဟောသောအခါတွင် မဟာဒုတ်တို့ဇနီးမောင်နှံနှစ်ဦး သောတာပန်တည် ကြလေသည်။ သိကြားမင်းကလည်း  မဟာဒုတ်တို့ နေအိမ်ပေါ်သို့ ရတနာမိုးကြီးရွာသွန်းချ လိုက်သောကြောင့် မဟာဒုတ်ဆင်းရဲသားလင်မယားသည် နေ့ချင်းညချင်း ချမ်းသာမှု ရရှိသွားကြလေသည်။ ထို့ကြောင့်မဟာဒုတ်ကို အကြောင်းပြု ၍  ယနေ့တိုင် မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးနှင့် သျှမ်းပြည်နယ် အတွင်းရှိ ဒေသတော်တော်များများက ဝါခေါင်လတွင် မဟာဒုတ်မဲဖောက်အလှူ ပေးလှူကြသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates