မူစယ်ဟိုတယ်ဇုန်အတွက် မြေမရောင်းနိုင်ဟု သျှမ်းပြည်ဝန်ချုပ်ထံ မြေပိုင်ရှင်များ စာတင်
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့၌ ဟိုတယ်ဇုန်တည်ဆောက်ရန်အတွက် လယ်ယာမြေကို လုံးဝ မရောင်း ပေးနိုင်ကြောင်း လယ်ယာမြေပိုင်ရှင်များက သျှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ် ထံ စာတင်သည်ဟု သိရှိရပါသည်။
![]() |
မူစယ်စီးပွားရေးတည်ဆောက်နေပုံ (Photo:HL/SHAN) |
အစိုးရစီမံကိန်း စီးပွားရေးဇုန်တည်ဆောက်ရန်အတွက်၂၀၁၂ ခုနှစ်ကတည်းက New Star Light ကုမ္မဏီ က လယ်ယာမြေဧက ၁၀၀ ကျော်ကို ဈေးနှိမ်ဝယ်ယူခဲ့သည်။
ယခုအခါ နောက်ထပ်လယ်ယာမြေ ၉၈ ဧကတွင် ဟိုတယ်ဇုန် တည်ဆောက်ရန် နမ့်ခမ်းဖောင်ကုမ္မဏီက စီစဉ်နေသဖြင့် အဆိုပါလယ်ယာမြေများကို ရောင်းမပေးနိုင်ကြောင်း လယ်သမားများက သျှမ်းပြည်နယ် အစိုးရထံ စာတင်ခြင်းဖြစ်ပါသည်။
“New Star Light ကုမ္မဏီတုန်းကလည်း လယ်ယာမြေကို ကာလပေါက်ဈေး မပေးဘဲ ဝယ်ယူတယ်။ လယ် သမားတွေ နစ်နာခဲ့ပြီးပြီ။ အခုကျန်နေသေးတဲ့ လယ်ယာမြေကို ထပ်လာဝယ်တော့မယ်။ နမ့်ခမ်းဖောင် ကုမ္မဏီက။ ကျနော်တို့ ဘယ်မှာသွားပြီး စိုက်ပျိုးလုပ်ကိုင်စားသောက်တော့မှာလဲ။ လုံးဝ မရောင်းနိုင်ဘူး။ ဒါကြောင့် မရောင်းနိုင်တဲ့အကြောင်း သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ်ထံ စာတင်ထားတာ တပတ် လောက် ရှိတော့မယ်” ဟု လယ်ပိုင်ရှင်တဦးက ဆိုပါသည်။
နမ့်ခမ်းဖောင်ကုမ္မဏီက ဟိုဆောင်၊ ဖွေးဟုန်း၊ တော်ရွက်ရပ်ကွက်တလျှောက်ရှိ လယ်ယာမြေ ၉၈ ဧက၌ ဟိုတယ်ဇုန်၊ supermarket ၊ အိမ်ယာများဆောက်လုပ်ရန်အတွက် သျှမ်းပြည်နယ် အစိုးရထံ တောင်းခံခဲ့ ကြောင်း ကုမ္မဏီနှင့်နီးစပ်သူတဦးက ပြောပါသည်။
“သျှမ်းပြည်နယ်အစိုးရကတော့ မူအရ သဘောတူလက်ခံတယ်။ ဒါပေမဲ့ လုပ်ချင်ရင် ပြည်သူတွေနဲ့ညှိနှိုင်း ပါတဲ့။ လူထုက လယ်မြေတွေ ရောင်းပေးမှလုပ်။ မရောင်းပေးရင် မလုပ်နဲ့လို့တော့ ပြောပါတယ်။”
သို့သော် နမ့်ခမ်းဖောင်ကုမ္မဏီကမူ သျှမ်းပြည်နယ်အစိုးရက ခွင့်ပြုကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး၊ ရပ်ရွာ အုပ်ချုပ်ရေးမှူးများထံ လာရောက်ပြောဆိုနေသည်ဟု ဒေသခံများက ပြောပါသည်။
“နမ့်ခမ်းဖောင်ကုမ္မဏီက မလိမ့်တပတ်လုပ်နေတယ်ဆိုတော့ လယ်ပိုင်ရှင်တွေက စိုးရိမ်နေတယ်။ လယ် ယာမြေတွေ ဈေးနိမ်ပြီး အဓမ္မ လာဝယ်တော့မှာလေ” ဟု မူစယ်လူငယ် စိုင်းအောင် က ပြောပါသည်။
တဖက်တွင်လည်း မူစယ်စီးပွားရေးဇုန်ကို ၂၀၁၅ အတွင်း အပြီးတည်ဆောက်မည်ဟု ရည်ရွယ်ထား ကြောင်း၊ သို့သော် New Star Light ကုမ္မဏီက ယနေ့တိုင် ဇုန် ၁ ကို တည်ဆောက်ပြီးစီးခြင်း မရှိ သေးကြောင်း ဒေသခံများက ဆိုပါသည်။
Tags: General, News