နမ့်ခမ်း မြို့တွင် လောင်းကစား ဝိုင်းများ ပြန်ဖွင့်နေ
သျှမ်းမြောက် နမ့်ခမ်းမြို့တွင် ယခုနှစ် အောက်တိုဘာ လဆန်း မှစပြီး လောင်းကစားဝိုင်းများ ပြန်ဖွင့် လျက် ရှိနေ ကြောင်း ဒေသခံများကပြောသည်။
ကုန်းဆာကျေးရွာ ခန်တော် ဘုရားကျောင်းအနီးရှိ ကြက်တိုက်ဝိုင်းမှာ နမ့်ခမ်းဈေးနေ့ (၅ ရက် တစ်ကြိမ်) ရှိပြီး မိုင်းဝီးလမ်း အောင်မေတ္တာရပ်ကွက် ဝိပုလ စာသင်တိုက် အနီးရှိ ငါးပစ်ဂိမ်း-တီဗီဂိမ်း လောင်း ကစား ရုံတို့မှာ နေ့တိုင်းဖွင့်လှစ်ကြောင်း ဒေသခံ စိုင်းခမ်းယီ ကဆိုသည်။
“ခန်တော်မှာရှိတဲ့ကြက်ဝိုင်းကတော့ ဈေးနေ့ ၅ ရက်တစ်ခါ လုပ်တယ်။ လာလောင်းကြသူတွေကတော့ ဌာန ဆိုင်ရာ ၀န်ထမ်းတွေပါနေတာတွေ့ရတယ်၊ ဝိပုလ စာသင်တိုက် နားက လောင်းကစား ရုံ မှာတော့ ဆယ်ကျော်သက် ခလေးတွေ ၊ ကျောင်းသား ကျောင်းသူတွေ ကျောင်းဝတ်တွေစုံနဲ့ လောင်းကစားဂိမ်း ကစားနေကြတာတွေ့ရတယ် ” ဟု ၄င်းကပြောသည်။
လောင်းကစား လုပ်ငန်းကို အာဏာပိုင်များဘက်မှ ပိတ်ပင်ထားသည်မှာ( ၂ ) နှစ် နီးပါးရှိပြီဖြစ်ကြောင်း၊ ယခု မည်ကဲ့သို့သောအကြောင်းကြောင့် ပြန်ဖွင့်ခွင့်ပေးသည်ကို မသိရကြောင်း အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦး က သျှမ်းသံတော်ဆင့်အားပြောသည်။
“လောင်းကစားများပြန်ဖွင့်နေတာ တစ်လကျော်ပြီ။ အိမ်ဖောက်ထွင်းမှု၊ ဆိုင်ကယ်ခိုးမှု၊ ပိုက်ဆံအိတ်နဲ့ ရွှေဆွဲ ကြိုးဆွဲယူလုယက်မှုတွေဆက်တိုက်ဖြစ်ပေါ်တယ်၊ ဆယ်ကျော်သက်လူငယ်တွေလည်း မူးယစ်ဆေးရောင်းဝယ် ဖောက်ကား သုံးစွဲမှုတွေ တိုးပွားလာတာတွေ့ရတယ်” ဟု ၄င်းက ဆိုသည်။
အလယ်တန်း ကျောင်းဆရာတစ်ဦး က “ တီဗီဂိမ်းလောင်းကစားရုံ ပြန်လည်ဖွင့်နေတာ အကျင့်ပျက်တဲ့ ကျောင်းပြေးတဲ့ ကျောင်းသား/သူတွေ အရင်ကထက် ပိုများလာတာတွေ့ရတယ်” ဟု ပြောသည်။
ယခု အောင်မေတ္တာရပ်ကွက် ဝိပုလ စာသင်တိုက် အနီးရှိ ငါးပစ်ဂိမ်း-တီဗီဂိမ်း လောင်းကစားရုံဖွင့်နေသော နေ ရာသည် ယခင်က တအာင်း စစ်ပြေးရှောင်များနေထိုင်ရာ အဆောက်အဦးဖြစ်ပြီး ပိုင်ရှင်မှာ တအာင်းလူမျိုး ဦးမြင့်ဆန်း(လက်ဖက်ပွဲစား) ဖြစ်ကြောင်း၊ တီဗီဂိမ်းလောင်းကစားရုံ ပိုင်ရှင်မှာ ပန်းစေးပြည်သူ့စစ်နှင့်နီးစပ်သော သူဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ဓါတ်ပုံ - ပြန်လည်ဖွင့်လှစ်လာသည့် လောင်းကစားဝိုင်းများ
Tags: General, News