သျှမ်းပြည် တောတွင်း အဖိုးတန် ပစ္စည်း အများအပြား တရုတ်အမျိုးသား ထံမှ ဖမ်းဆီးရမိ



သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်တွင် တရုတ်ပြည်သို့ တင်ပို့ရောင်းချမည့် သျှမ်းပြည်တောတွင်း မှ အဖိုးတန်သစ်နှင့် ရှားပါးတောတိရစ္ဆာန် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖမ်းဆီးရမိသည်ဟု ဒေသတွင်းသတင်းရပ်ကွက်က ဆိုပါသည်။

ဖမ်းမိတောတွင်းအဖိုးတန်ပစ္စည်းများ

မူစယ်မြို့ လမ်းသွယ် ၅ တွင် နေထိုင်သော တရုတ်အမျိုးသား ဦးဖုန်ကျန်မိုး၏နေအိမ်ကို ဂျန္နဝါရီလ ၁၀ ရက်နေ့ မနက် ၉ နာရီခွဲက ဌာနပေါင်းစုံမှ ၀န်ထမ်းများ ဝင်ရောက်ရှာဖွေရာ ဥပဒေနှင့် မလွှတ် ကင်းသော ပစ္စည်းများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 
“၉ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ဌာနဆိုင်ရာက ၀င်ရောက်ရှာဖွေစစ်ဆေးတာ။ ဖမ်းဆီးရမိ တာကတော့ ရှားပါးတောရိုင်းတွေရဲ့ သည်းခြေတွေ၊ တောဝက်စွယ် ၄၀ ကျော်၊ တာမလန်းသစ် ၈ တုံး၊ ၈ ယောက်ထိုင် စားပွဲဝိုင်းအရွယ် ပိတောက်ပြား ၄ ချပ်၊ သင်းခွေချပ် အကြေးခွံ၊ တောရိုင်း ပေါင်းစုံအရိုး ၊ ကျားသားရေ၊ ဆင်စွယ် အများအပြား၊ ကြံ့စွယ်တစုံ  စတာတွေ ဖြစ်ပါတယ်။ ဖမ်းမိ ပစ္စည်းတွေအားလုံးကို သစ်တောဌာနဝန်ထမ်းလက်ထဲကို ပေးအပ်လိုက်ပြီ။  တရားခံ ဦးဖုန်ကျန်မိုး ကိုတော့ ဌာနဆိုင်ရာက ဖမ်းဆီးခေါ်သွားပြီ။ ဘယ်လိုအပြစ်ပေး အရေးယူ မယ်ဆိုတာတော့ မသိရသေးဘူး” မူစယ်မြို့နေ စိုင်းကျော်က ပြောသည်။
 

၂၀၁၄ခုနှစ်အတွင်း တရုတ်ပြည်သို့ တားမြစ်တောထွက်ပစ္စည်းများအပြင် ကျွဲနွားတိရစ္ဆာန် ခိုးထုတ်ရောင်းချမှုနှင့် လူကုန်ကူးမှုများ မကြာခဏ ဖမ်းမိရမိသော်လည်း မြန်မာအစိုးရဘက်မှ  ထိရောက်သည့်အရေးယူမှု မပြုခဲ့ပေ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates