တောင်ပေါ်နေ ဝ လူမျိုးများ မြေပြန့်သို့ ပြောင်းရွှေ့ခံရ



သျှမ်းပြည်မြောက်ပိုင်း သံလွင်အရှေ့ခြမ်း ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် ထိန်းချုပ် နယ်မြေ အတွင်း တောင်ပေါ်ဒေသနေ ဝ လူမျိုးများအား သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်အတွင်းသို့ ပြောင်း ရွှေ့နေထိုင်စေသည်ဟု ဒေသခံများကပြောသည်။



၂၀၁၄ နှစ်နှောင်းပိုင်းမှစ၍ ယနေ့အထိ ပြောင်းရွှေ့နေထိုင်ရေးအစီအစဉ်ပြုလုပ်နေသည်ဟုဆိုပါသည်။  UWSA ဌာနချုပ်ပန်ဆန်းမြို့ မြောက်ဘက် ပန်ဝိုင်၊ နားဖန်း၊ မိုင်းမော မြို့နယ်အတွင်းရှိတောင်ပေါ်နေ ဒေသခံ ဝ လူမျိုး ထောင်ဂဏန်းအား ၎င်းတို့ထိန်းချုပ်နယ်မြေ (ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် မိုင်းပေါက်၊ မိုင်းဖျန်၊ ဟိုတောဝ်း၊ မိုင်းကာ ကျေးရွာအုပ်စု) အထူးဒေသ  ၄ နယ်ခြား ဘက်သို့ ပြောင်းရွှေ့နေထိုင် စေခြင်းဖြစ်သည်။

တောင်ပေါ်မှ ပြောင်းရွှေ့လာသူများအတွက် မိုင်းကာ(မြို့) တွင် မိသားစု ၅၀၀ ၊ မိုင်းပေါက်(မြို့)တွင် မိသားစု ၂၀၀၊ ဟိုတောဝ်း(မြို့)တွင် မိသားစု ၃၀၀၊ မိုင်းဖျန်(မြို့)တွင်  မိသားစု ၃၀၀ အတွက် နေအိမ်များကို  ဝ အာဏာပိုင်များမှ ပြင်ဆင်ထားပေးသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။

“ကျနော်တို့တတွေ ဒုက္ခ ၊ သုခ အတူအမျှခံစား စံစားဖို့ပါ။ ကျနော်တို့က  မြို့သားတွေဖြစ်နေပြီ။ တောမှာနဲ့ တောင် ပေါ်မှာနေတဲ့ ၀ လူမျိုးတွေက စာမတတ်ပေမတတ်၊ ခေတ်မှီတဲ့ခေတ်ကြီးကို အတူတက်လှမ်းနိုင်ဖို့ သူတို့ကိုမြေပြန့် ကို ပြောင်းရွှေ့ နေထိုင်စေတာဖြစ်တယ်။ တနှစ်စာ ထောက်ပံ့မယ်။ အိမ်ထောင်စုခွဲဖို့လိုအပ်ရင် ခွဲခိုင်းတယ်။ နေ ထိုင် ဖို့ အကုန်လုံးလုပ်ထားပေးတယ် အဆင်သင့်တက်နေရုံဘဲ” - အမည်မဖေါ်လို သည့် ၀ အရာရှိတဦးက ပြောသည်။

“ကျနော်လဲ ၀လူမျိုးဘဲ။ ဒါပေမဲ့ အာဏာရှိတိုင်းလျှောက်လုပ်ဒါတော့ ကျနော်လဲမကြိုက်ဘူး။ တောသူတောင်သား တွေကို အဓမ္မပြောင်းရွှေ့ခိုင်းတယ်၊ သူတို့ လာရောက်နေထိုင်ဖို့၊ ဒေသခံတွေကို လုပ်အားပေးခိုင်းစေတယ်။ ဒေသခံ တွေလုပ်စားနေတဲ့ လယ်ယာမြေတွေကို ခွဲဝေပေးစေတယ်။ ဒါက အရင်က တရုတ်ပြည်မော်စီတုန်းခေတ်က ဘဲကြားဖူးတယ်။ အဲဒီစနစ်ကို ဒီခေတ်မှာလာသုံးတာ မသင့်တော်တော့ ဘူးလေ” - ဟု မိုင်းပေါက်ဒေသခံ ဦးအိုက်ဆိုင်းနပ်က ပြောသည်။

လယ်ယာမြေခွဲဝေပေးရသူ၊ ထိုင်းသို့ထွက်ပြေး ရှောင်တိမ်းသူအများစုမှာ  ဘိုးဘေး ခေတ်ကတည်းက အဆိုပါ ဒေသတွင် နေထိုင်သည့် သျှမ်းလူမျိုး အများစုဖြစ်သည်ဟု သိရ သည်။

မြန်မာအစိုးရ ဖွဲ့စည်းပုံအရ မိုင်းပေါက်သည် ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု တခုသာ ဖြစ်သည်။ သို့သော် UWSA ဖွဲ့စည်းပုံအရ မိုင်းပေါက် သည် ခရိုင်အဆင့် မြို့ကြီးတခုဖြစ်ပြီး မိုင်းဖျန် နှင့် ဟိုတောဝ်း သည်လည်း ၎င်းခရိုင်အောက်မြို့နယ်အဆင့်ရှိသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates