ကျားဖြူ ကျားခေါင်းပါတီ ပူးပေါင်း ၆၈ နှစ်မြောက် သျှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပမည်



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ ဖေဖော်ဝါရီလ  ၇ ရက်နေ့တွင်ကျရောက်သော  ၆၈ နှစ်မြောက် သျှမ်းပြည် နယ် နေ့ပွဲတော်ကို အဆိုပါမြို့ရှိ ကျားဖြူပါတီ(SNDP) နှင့်ကျားခေါင်းပါတီ(SNLD) တို့ ပူးပေါင်း ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။



သျှမ်းပြည်နယ်နေ့ပွဲတော်ကို နမ့်ခမ်းမြို့လယ်ဘုရားအနီးရှိ ပန်ပွဲ (ယခုညဈေးတန်း) ၌ ဖေဖော်ဝါရီလ (၆) ရက်နှင့်(၇) ရက်တို့တွင်ကျင်းပမည်ဖြစ်ကြောင်း ဆိုပါသည်။

ကျားဖြူပါတီ(SNDP) ဝင် စိုင်းပီးက  ယခုနှစ် ပွဲတော်လုံခြုံရေးပိုင်း တိုးမြှင့် သွားမည်ဖြစ်ကြောင်း ဆိုပါသည်။

“လုံခြုံရေးပိုင်းကိုတော့ အပြင်စည်းနဲ့အတွင်းစည်းဆိုပြီးခွဲထားတယ်၊ နမ့်ခမ်းမြို့တွင်း ရပ်ကွက်နဲ့ကျေးရွာ  ပြည်သူလူထုနဲ့ နှစ်ပါတီ လူငယ်တွေ ပူးပေါင်း ဆောင်ရွက်သွားကြမယ်” ဟု ၄င်းကပြောသည်။

နမ့်ခမ်းမြို့ တွင် သျှမ်းပြည်နယ်နေ့ကို ကျားဖြူပါတီ(SNDP) နှင့်ကျားခေါင်းပါတီ(SNLD) တို့ ပူးပေါင်း ကျင်းပ လာသည်မှာ (၃)နှစ်ဆက်တိုက်ရှိသွားပြီဖြစ်ကြောင်း နမ့်ခမ်းမြို့နယ် ကျားခေါင်းပါတီ (SNLD) အတွင်းရေးမှူး ဦးစိုင်းထွန်းလှိုင် ကဆိုသည်။

“ ကျနော်တို့ သျှမ်းပါတီနှစ်ခု  ပူးပေါင်းပြီး သျှမ်းပြည်နယ်နေ့ ပွဲတော်ကို ကျင်းပရတဲ့ရည်ရွယ်ချက် ကတော့ သျှမ်းပါတီနှစ်ခု ရှိပြီးသားသွေးစည်းညီညွှတ်မှုကို ပိုမိုခိုင်မြဲအောင် ဖြစ်ပါတယ် ” ဟု ၄င်းက သျှမ်းသံတော်ဆင့် အားပြောသည်။

နမ့်ခမ်းမြို့တွင်   ၆၈ ကြိမ်မြောက် သျှမ်းပြည်နယ်နေ့ ပွဲတော် ကျင်းပပြုလုပ်ရန် ယခု လဆန်းပိုင်းက ကျားဖြူပါတီ(SNDP) ၊ ကျားခေါင်းပါတီ(SNLD)နှင့် ရပ်မိရပ်ဖများတွေ့ဆုံဆွေးနွေးကာ အတည်ပြုဆုံးဖြတ်ခဲ့ကြ ခြင်းဖြစ်ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates