နမ့်ခမ်းတွင် ဌာနေပြည်သူ့စစ်တပ်ဖွဲ့များ သတ္တုကျောက်ပြန်တင်ရန်ကြိုးစားနေ



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ငွေကမ္ဘာကျော်ကုမ္မဏီမှ သတ္တုကျောက် တူးဖော် တင်ပို့ရောင်းချ မှုကို တားမြစ်ပေးရန် မြို့နယ်အုပ်ချုပ်ရေးရုံးသို့ ဒေသခံများသွားရောက် တင်ပြခဲ့သည်။



ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၆ နာရီက နမ့်ခမ်းမြို့ရှိ SNLD ကျားခေါင်းပါတီ၊ SNDP ကျားဖြူပါတီအဖွဲ့မှ တာဝန်ရှိသူများနှင့်တောင်သူလယ်သမားအဖွဲ့များစုစုပေါင်း (၃၀) ဦး ထက်မနဲ မြို့နယ်အုပ် ချုပ်ရေးမှူး ရုံး ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် မြို့နယ်မှူး ဦးမောင်အေး တို့နှင့်သွားရောက်တွေ့ဆုံပြီး သတ္တုတူးဖော်ရေးလုပ်ငန်း ထာဝရရပ်တန့်ရေး အတွက် ကူညီဆောင်ရွက်ပေးရန် ပြောဆိုခဲ့ကြောင်း SNLD ကျားခေါင်းပါတီဝင် အတွင်း ရေးမှူး ဦးစိုင်းထွန်းလှိုင်က ဆိုသည်။

“ ကျနော်တို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို သွားရောက်တွေ့ဆုံပြီးနောက်တစ်ရက်မှာပဲ သတ္တု ကျောက်တင် ကား အလွှတ် အစီး ၃၀ လောက်ကို လက်နက်အပြည့်အစုံနဲ့ ကောင်းခါးပြည် သူ့ စစ်ကား ၃ စီးစာက လုံခြုံရေးအဖြစ်လိုက်ပါပြီးတော့ ဟွေ့အို့ရွာမှာရှိတဲ့  သတ္တုတူးဖော် ရေးစခန်းရှိတဲ့ဘက်ကို မောင်းနှင် သွားတာ ကျနော်တို့လူငယ်တွေက တွေ့ရပါ တယ် ” ဟု ၄င်းက သျှမ်းသံတော်အား ပြောသည်။

နမ့်ခမ်းမြို့နယ် ပန်ခါးကျေးရွာ သတ္တုတူးဖော်မှုကြောင့်  စိုက်ပျိုးရေးအတွက် ဒေသခံများ အသုံးပြု သော နမ့်ဆီးရီးချောင်းတိမ်ကောပျက်စီးနေပြီး ချောင်းတစ်လျှောက်ရှိ လယ်မြေ ဧကပေါင်း ၃၀၀ ထက် မနဲ စိုက်ပျိုး၍ မဖြစ်ထွန်းတော့ကြောင်း၊ ယခုလည်း နမ့်ခမ်းမြို့ အနောက် တောင်ဘက်ရှိ ဟွေ့အို့ သတ္တု တူးဖော်ရေးလုပ်ငန်းကို သက်ဆိုင်ရာမှ လုပ်ခွင့် ပေးမည်ဆိုပါက နမ့်မချောင်း တစ်လျှောက်ရှိ လယ်မြေ ဧက ပျက်စီးဆုံးရှုံးမှုမှာ ၄င်းနမ့်ဆီးရီး ချောင်းပျက်စီးဆုံးရှုံးမှုထက် ပိုများမည်ဖြစ်ကြောင်း ဒေသတွင်း လယ်သမားခေါင်းဆောင် စိုင်းဆမ်မွန် ကဆိုသည်။

“ ကျနော်တို့ ပြည်သူတွေ ကန့်ကွက်နေတဲ့ကြားက  ဟွေ့အို့ ဘက်က သတ္တုကျောက်တွေကို တစ်ဘက် နိုင်ငံ တင်ပို့ဖို့ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ လုံခြုံရေးယူခိုင်းပြီး လုပ်နေတယ် ဆိုတော့ ဒါဟာသက်သက်မဲ့ ကျနော်တို့ ဒေသခံပြည်သူကို စော်ကားရာကျပါတယ် ” ဟု ၄င်းက ပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ သတ္တုတူးဖော်မှုရပ်တန့်ရေးအတွက် ဒေသခံပြည်သူလူထု နှင့် တောင်သူ လယ်သမားအဖွဲ့များပူးပေါင်းသည့် အင်အား (၄၀၀၀) ခန့် သည်၂၀၁၄ ခု စက်တင်ဘာလ ၅ ရက်နေ့၌ ဆန္ဒထုတ်ဖော် ခဲ့ပြီးဖြစ် ကြောင်း၊ ဆန္ဒပြပြီး နောက်ပိုင်း သတ္တု တူးဖော်မှု ယာယီရပ်ဆိုင်းရန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း ကိုယ်တိုင် အမိန့်စာတစ် စောင် ထုတ်ပြန်လိုက်ပြီး သျှမ်းပြည်သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း ကလည်း နမ့်ခမ်းမြို့ သို့ရောက်ရှိစဉ်   ပြည်သူလူထု၏ သဘောထားမပါပဲ သတ္တုတူးဖော်ခွင့်မပြု ကြောင်း  ပြောဆိုခဲ့ဖူးပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates