သျှမ်းပြည်နယ် ဗုဒ္ဓဘာသာတက္ကသိုလ် ပန္နက်ချအခမ်းအနား ကျင်းပ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Shan State Buddhist University သျှမ်းပြည် ဗုဒ္ဓဘာသာ တက္ကသိုလ်ကျောင်း တည်ဆောက်ရန်အတွက် ပန္နက်ရိုက် အခမ်းအနားကျင်းပခဲ့ပါသည်။
မတ်ခ်ျလ ၁၇ ရက် ယနေ့မနက် ၇ နာရီမှ ၈ နာရီ ၁၅ အထိ ပန္နက်ရိုက် အခမ်းအနားကျင်းပရာတွင် သျှမ်း ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ဦးဆောင်သော သျှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သျှမ်းလူထုမှ အထူး လေးစားကိုးကွယ်သော ဆရာတော် ဒေါက်တာ ဓမ္မသာမိ၊ ဆရာတော် သုခမိန္တတို့ ဦးဆောင်သော သံဃာတော် ၁၁ ပါးတို့ ပန္နက်ရိုက် အခမ်းအနားကျင်းပခဲ့သည်ဟု သိရသည်။
တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် ဗုဒ္ဓဘာသာတက္ကသိုလ် တည်ဆောက်ရန်အတွက် မြေနေရာ ဧက ၃၀ ကျော်မှာ ဆရာတော် ပညာဗောဓိ ကလှူဒါန်းထားကြောင်း သိရသည်။
“ပါဠိနဲ့ အင်္ဂလိပ်ဘာသာကို အဓိကထားသင်ကြားပို့ချသွားမယ်။ အမြင့်ဆုံး Ph.D ဘွဲ့ပေးဖို့ ရှိပါတယ်။ သံဃာ တော်ရော လူတွေပါ တက်ရောက်ဆည်းပူးနိုင်တယ်။ အခုလောလောဆယ်တော့ ပန္နက်ချရုံဘဲရှိပါသေးတယ်။ ဘယ်တော့ စ ဆောက်မလဲဆိုတာ သေချာမသိရသေးပါဘူး။ ဒီတက္ကသိုလ် ကိုဖောင်ဒေးရှင်းချတာကတော့ ဆရာတော် ဓမ္မသာမိ ဖြစ်ပါတယ်။” ဟု တောင်တန်းသာသနာပြု ဆရာတော်ဦးသုခမိန္တ (စဝ်ဆုခမ်း) က မိန့်တော်မူပါသည်။
ဓမ္မတရားတော်အပြင် Apply Buddhism ရွေးချယ် ခွင့်ပေးမည်ဖြစ်ပြီး သင်ရိုးညွှန်းတမ်းကိုတော့ သီရိလင်္ကာ နိုင်ငံက ဗုဒ္ဓတက္ကသိုလ်နည်းစနစ်နှင့် အောက်စဖို့ဒ်တက္ကသိုလ်က နည်းစနစ် ပေါင်းပြီးပို့ချသွား မည်ဖြစ် ကြောင်း၊ ကျူတိုရီယယ်စစ်စတမ် ဖြစ်ပြီး အက်ဆေးရေးသားမှုကို အသားပေးသွားမည်ဖြစ်ကြောင်းဆရာ တော်များက မိန့်တော်မူသည်။
“သျှမ်းပြည်တိုင်းရင်းသားတွေကို ယောက်တိုင်းပညာတတ်စေချင်တယ်။ စာမတတ်လဲထမင်းမငတ်ဘူး ဆိုတဲ့ စကားမပြောဖို့။ သားသမီးတွေကို ရွှေငွေအစား ပညာကို လက်ဆင့်ကမ်းအမွေပေးကြပါ။ သျှမ်းပြည်သား လူငယ်တွေကို ပညာတတ်ကြီးဖြစ်စေချင်တယ်။ တွေးခေါ်မျှော်မြင်မှု တိုးတက်အောင် ပညာကိုလေ့လာ သင်ယူကြပါ ” ဟု ဆရာတော်စဝ်ဆုခမ်းက မိန့်မှာတော်မူသည် ။
ဆရာတော် ဒေါက်တာဓမ္မသာမိက ကမကထပြုမည့် တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်ကို ၆ ဆောင် တပြိုင် တည်း ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ကျောင်းသားဆောင်နှင့် ဆရာ့အဆောင်များပါဝင်မည်ဖြစ်ကြောင်း၊ ကျောင်းဆောင်ဆောက်ဖို့ ပြည်တွင်းပြည်ပ စေတနာရှင်မှ လှူဒါန်းထားသည့် မြန်မာငွေကျပ်သိန်းပေါင်း ၂ သောင်းနီးပါး ရှိပြီဖြစ်ကြောင်း ဆရာတော်ကိုယ်တိုင်က မိန့်တော်မူသည်။
Tags: Culture, News



