သမိုင်းဝင် ပင်လုံမြို့၌ မိုးသီးကြီးများကြွေ၊ ရာသီသီးနှံစိုက်ခင်းဧကရာချီ ပျက်စီးဆုံးရှုံး



သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် ပင်လုံမြို့၌ မိုးသက်လေပြင်းကျရောက်ကာ မိုးသီးကြွေကျမှုကြောင့် ရာသီသီးနှံစိုက်ခင်းဧကရာချီ ပျက်စီးဆုံးရှုံးကြောင်း သိရှိရသည်။






မတ်ခ်ျလ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့် မိုးသက်လေပြင်းကျရောက်ကာ ဆီးဖြူသီးအရွယ်ခန့် မိုးသီးများပါ   ကြွေကျမှုကြောင့် ပင်လုံမြို့ အနီးတဝိုက်ရှိ ရာသီသီးနှံစိုက်ခင်း အမြောက်အများ ပျက်စီးဆုံးရှုံး ကြောင်း ဒေသခံများက ဆို၏။

“နောင်မိန်းမှာ ရာသီသီးနှံစိုက်ခင်းဧက ၂၀၀ ကျော် ပျက်စီးဆုံးရှုံးတယ်။ တန်ဖိုးကတော့ သိန်း ၃၄၀ လောက်ရှိ တယ်။ ဆုံးရှုံးတာများတော့ ပိုင်ရှင်တွေ ငိုပွဲဝင်ကြတယ်” ဟု နောင်မိန်းရပ်မိရပ်ဖဖြစ်သူ ဦးလုံးဥတ္တမ က ပြောပါ သည်။

ပင်လုံမြို့မြောက်ဘက်ရှိ နောင်မိန်းရွာတွင် အိမ်ခြေ ၄၅ ခန့်ရှိပြီး အိမ်တိုင်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြ ကြောင်း၊ ရာသီသီးနှံများဖြစ်သည့် အာလူး၊ ဖရဲသီး၊ သခွားမွှေး၊ ဖရုံသီး၊ ကြက်သွန်ဖြူနှင့် ပန်းပင်များ စိုက်ပျိုး ကြကြောင်း ဆို၏။

“သီးနှံတွေတောင် ရင့်ကြီးနေပြီ။ မကြာခင် ဆွတ်တော့မှာ။ ရင်းနှီးထားတာတွေတော့ ကုန်ပါပြီ။ တအိမ်ကို သိန်း ၄၀ - ၅၀ အနည်းဆုံးဘဲ။ ထိုင်းကို သွားအလုပ်လုပ်တာဘဲ ကောင်းမယ်ထင်တယ်” ဟု နောင်မိန်းရွာသား လုံးညွှန့်က ပြောပါသည်။

ပင်လုံမြို့အနောက်မြောက်ဘက်ရှိ ပန်မုံ့ရွာတွင်လည်း လယ်ပိုင်ရှင် ၆ ဦး၏ ဖရဲသီး၊ အာလူး၊ ခရမ်းချဉ်သီး စိုက်ခင်း  ၈ ဧက ပျက်စီးပြီး ၂၄ သိန်းခန့် ဆုံးရှုံးကြောင်း ပန်မုံ့ရွာနေ ဒေါ်ပါ့ကွယ် က ပြောပါသည်။

အလားတူ ပင်လုံမြို့တောင်ဘက်ရှိ ၀မ့်လုံရွာ၌ အာလူး၊ ဖရဲသီး၊ သခွားသီး၊ ကြက်သွန်မြိတ် စိုက်ခင်းဧက ပေါင်း ၂၀ ခန့် ပျက်စီးဆုံးရှုံးကြောင်း ၀မ့်လုံရွာသူကြီး ဦးလုံးလှဦးက ဆို၏။

မိုးသက်လေပြင်းကျရောက်မှုကြောင့် ပင်လုံမြို့လယ်ရှိ ကိုးမြို့ရှင်နတ်နန်းမှ ညောင်ပင်ကျိုးကျကာ  နတ်နန်းမှာလည်း ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။

ယနေ့တွင် ပင်လုံမြို့၌သာမက တောင်ကြီး၊ ပြင်ဦးလွင်၊ မိုင်းလား တို့တွင်လည်း မိုးသက်လေပြင်းကျရောက်ကာ မိုးသီးကြီးများကြွေကျခဲ့ပါသည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates