မဟုတ်တရုတ်တွေရဲ့ သယံဇာတ ခိုးထုတ်တာကို ဒီအတိုင်း လက်ပိုက်ကြည့်နေတော့မှာလား



သို့- သျှမ်းသံတော်ဆင့်အယ်ဒီတာ


သျှမ်းပြည်နယ်ဟာ မြေပေါ်မြေအောက် သယံဇာတ ပေါကြွယ်လှတဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။ ဒါကြောင့် အိမ်းနီးချင်းတရုတ်တွေက ဒေသတွင်းအာဏာပိုင်တွေကို လာဘ်ထိုးပြီး သယံဇာတတွေကို သူတို့နိုင်ငံကို သယ်သွားနေတာ နေ့စဉ်နဲ့အမျှပါဘဲ။

ဓါတ်ပုံ- လွယ်တေးမိဏ်းတောင်တွင် တရုတ်ကုမ္မဏီမှကျောက်တူးနေစဉ်

အခုလည်း တရုတ်ကုမ္မဏီတွေက ဒေသတွင်းအာဏာပိုင်တွေကို လာဘ်ထိုးပြီး သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်ထဲက လွယ်မောက်မှာ ဆီလီကွန်ကျောက် တူးယူနေပါတယ်။ တနှစ်ကျော်ပါပြီ။ လွယ် မောက်က စယ်လန့် နဲ့  ၆ မိုင်လောက် ဝေးပါတယ်။ နာမည်ခံပြီး ကူညီပေးနေတာက ကောင်းခါး ပြည်သူ့စစ်နဲ့ မိုင်းပေါ့ပြည်သူ့စစ်ပါ။

တနေ့ကို တရုတ်ထုတ် ၆ ဘီးကားအစီး ၂၀ လောက်နဲ့ သယ်ထုတ်နေပါတယ်။ တစီးကို ဆီလီကွန် ကျောက်ချည်း ချည်း ၈ တန်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ စယ်လန့် ကျေးရွာအုပ်စု ဝမ့်နောင် ဆိုင်ကနေ တရုတ်ဘက်ခြမ်းကို ကူးပါတယ်။ ဝမ့်နောင်ဆိုင်အုပ်ချုပ်ရေးမှူးကို လာဘ်ထိုးပြီး တရုတ် ဘက်ကို ကူးနေတာ ဖြစ်ပါတယ်။

မရားမဝင် ခိုးထုတ်တယ်ဆိုတော့ တရုတ်ဘက်ခြမ်းကနေ ညပိုင်းဝင်လာတဲ့ကားတွေ မနက်ပိုင်းမှာ ပြန်ထွက်ပါတယ်။ မနက်မှာ ဝင်လာတဲ့ကားတွေ ညပိုင်းမှာ ပြန်ထွက်ပါတယ်။ မနက်ထွက်တဲ့ကားတွေ ကျ  မနက် ၃ နာရီမှာ စထွက်ပြီး ၆ နာရီမကျော်ခင် အပြီးထွက်ကြပါတယ်။

ဆီလီကွန်ကျောက်တူးယူတာ အခုဆို လွယ်မောက်ဟာ တောင်ပုံမပေါက်တော့ဘဲ မြေပြန့်လို ဖြစ်နေပါ ပြီ။ ဝန်လေးတဲ့ကားတွေ သွားလာတာကြောင့် လမ်းတွေလည်းပျက်စီး။ ဖုန်မှုန့်တွေက အလိမ်းလိမ်း။ သစ်တောတွေလည်း ပျက်စီး။ ဖုန်မှုန့်ဒဏ်၊ သစ်တောတွေ ပျက်စီးလို့ ရာသီဥတုဖောက်ပြန်တဲ့ဒဏ် ခံနေရတာက သျှမ်းပြည်သားတွေပါ။

မူစယ်မြို့နယ်ထဲက လွယ်တေးမိဏ်းတောင်မှာလည်း လွယ်မောက်လိုဘဲ တူးနေကြပါတယ်။ သံဃာ တော်တွေ ပြည်သူတွေ သွားတားလို့ အခုဆို ထွက်သွားကြပြီလို့ သိရပါတယ်။

တရုတ်တွေဟာ မြေအောက်သယံဇာတတွေမက မြေပေါ်က သယံဇာတွေကိုလည်း သူတို့နိုင်ငံကို ယူ သွားတယ်။ နမ့်ခမ်းမြို့နယ်နဲ့မူစယ်မြို့နယ်ထဲက သစ်ပင်တွေကို အမြစ်ပါတူးယူပြီး သူတို့နိုင်ငံမှာ သွားစိုက်တယ်။

ကျမတို့နိုင်ငံက အစိုးရ၊ အာဏာပိုင်တွေ တော်တော့ကို သဘောကောင်းတယ်ရှင့်။ သူများနိုင်ငံဖွံ့ဖြိုး တိုးတက် စိမ်းလန်းစိုပြည်အောင် ကိုယ့်နိုင်ငံ အပျက်အစီးခံပြီး အနစ်နာခံပြီး သူများကို ကူညီပေးရှာ တာ။

အခုဆို တရုတ်ဘက်ခြမ်းကို ကြည့်လိုက်ရင် စိမ်းလန်းစိုပြည်နေတာဘဲ။ ကျမတို့ သျှမ်းပြည်နယ်ကို ကြည့်လိုက်ရင် သစ်တောတွေ ပြုန်းတီး၊ တောင်တွေကလည်း တောင်ကတုံးဖြစ်လို့၊ သယံဇာတ တူးဖော်နေတာတွေကလည်း တောင်ပေါ်တွေမှာ အကွက်လိုက်အကွက်လိုက် မြင်နေရတယ်။

ဒီလို ဒေသတွင်းအာဏာပိုင်တွေက လာဘ်စားပြီး ကိုယ့်နိုင်ငံက သယံဇာတတွေကို သူများတွေကို ပေးနေမယ်ဆိုရင် သယံဇာတပေါကြွယ်လှတဲ့ မြန်မာနိုင်ငံဆိုတာ သမိုင်းထဲမှာဘဲ ကျန်ပါတော့မယ်။

ဒါကြောင့် သယံဇာတတွေကို တရားမဝင် ခိုးထုတ်နေတာတွေကို သမ္မတကြီး ဦးသိန်းစိန်နဲ့ သျှမ်းပြည်နယ်အစိုးရတို့ လက်ပိုက်ကြည့်မနေဘဲ မြန်မာနိုင်ငံရဲ့အနာဂတ် သျှမ်းပြည်နယ်ရဲ့အနာဂတ် လှပဖို့အတွက် အရေးတယူ ဆောင်ရွက်ပေးဖို့ တိုက်တွန်းချင်ပါတယ်ရှင့်။


၂၀၁၅ ဧပြီလ ၉ ရက်
သဘာဝပတ်ဝန်းကျင်မြတ်နိုးသူတဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates