ပြင်ပဆောင်းပါးရှင် စစ်မင်း သိစေရန်
သို့-
သျှမ်းသံတော်ဆင့်သတင်းဌာနမှတဆင့်
ပြင်ပဆောင်းပါးရှင် စစ်မင်း သိစေရန်
ဂျွန်လ ၂၄ ရက်နေ့က သျှမ်းသံတော်ဆင့်သတင်းဌာနမှာ တင်ပြသွားတဲ့ ပြင်ပဆောင်းပါးရှင် စစ်မင်းရဲ့ - သျှမ်း လူထုက မည်သည့်သျှမ်းပါတီကိုမဲပေးမည်နည်း - ဆိုတဲ့ဆောင်းပါးမှာ ကျမ နန်းဝါနု အမည်ပါ ထည့်သွင်းရေး ထားတဲ့ မမှန်ကန်တဲ့အချက်အလက်နဲ့ပတ်သက်ပြီး ပြန်လည်ဖြေရှင်းလိုပါတယ်။
ပြောရမယ်ဆိုရင် ဒါကတော့ စာပေရေးသားသူရဲ့အာဘော်ဖြစ်ပါတယ်။ သူရေးသားထားတာက ကျားဖြူက ဘယ်လိုအနေအထားရှိတယ် ကျားခေါင်းကဘယ်လိုအနေအထားရှိတယ်။ အခုနောက်ပိုင်းထပ်ပေါ်လာတဲ့ အရှေ့ပိုင်းက ပါတီက ဘယ်လိုအနေအထားရှိပါတယ် ဆိုပြီးတော့ သူက သုံးသပ်ထားတာပေါ့နော်။
ဒါမယ့် သူသုံးသပ်ထားတာက သတင်းထောက်တဦး သတင်းသမားတဦးရဲ့သုံးသပ်ပုံသုံးသပ်နည်း က သုံးသပ် ရမယ်ဆိုရင် နဲနဲ ဘက်လိုက်တဲ့အနေအထားရှိတယ်ပေါ့နော်။ နောက်ပြီးတော့ အဲဒီဆောင်းပါးနဲ့မှာ ခိုင်မာမှုမရှိ ဘဲရေး ထားတယ်။ ဥပမာ ဒီရဲ့ စစ်မှုမထမ်းမနေရဥပဒေက ကျားဖြူရဲ့ကိုယ်စားလှယ် နန်းဝါနုက လွှတ်တော်မှာ တင်ပါတယ်။ လွှတ်တော်မှာ ထောက်ခံဆွေးနွေးတယ် အဲလိုမျိုးရေးထားတယ်။ သတင်းခိုင်မာမှုကိုသူက မလိုက်ဘူးဆိုတဲ့ ပုံစံလေးဖြစ်နေတယ်ပေါ့နော်။ လွှတ်တော်ကိုလည်း မလေ့လာဘူး လွှတ်တော်ရဲ့သဘော သဘာဝကိုလည်းမလေ့လာဘူး ကာယကံရှင်ကိုလည်း မမေးဘူးဆိုတဲ့အနေအထား ဖြစ်နေတယ်။ ကျမတို့ရဲ့ ပြည်သူ့လွှတ်တော်မှာဘဲဖြစ်ဖြစ် ပြည်ထောင်စုလွှတ်တော်မှာဘဲဖြစ်ဖြစ် စစ်မှုမထမ်းမနေရဥပဒေကို အဆိုတင် သွင်းပြီးတော့ ဆွေးနွေးတယ်ဆိုတာ လုံးဝ မရှိခဲ့ဖူးဘူး။ ကျမတို့ပြည်သူ့လွှတ်တော်မှာလည်း အဆိုတင်သွင်းပြီး တော့ ဆွေးနွေးခဲ့တာတွေလဲ မရှိခဲ့ဖူးဘူး။ အဲတာကို စစ်မှုမထမ်းမနေရ ဥပဒေကို ကျမက ထောက်ခံဆွေးနွေး ခဲ့တယ်ဆိုတော့ ကျမက တော်တော်လေးကိုအံ့သြမိတယ်ပေါ့နော်။ လွှတ်တော်ချယ်နယ် လေးတောင်မှမကြည့် ဘူးလားဆိုတဲ့ အနေအထားလေးပေါ့။
အဲဒီမှာ ကျားခေါင်းကိုပြောင်းသွားတဲ့ စိုင်းသီဟကျော်တောင်မှ ကျမကိုလာပြောသေးတယ်။ အဲဒီ စစ်မင်း မရေး ခင်တုန်းက ရှမ်းနယူးတို့ စိုင်းဒဲ့ဒိုး တို့ကရေးတယ်။ လွှတ်တော်မှာ စစ်မှုမထမ်းမနေရ ဥပဒေတင်တယ် လို့ရေး တယ်တဲ့။ ရှမ်းနယူးတို့ဘာတို့ဆိုတာကတော့ တကယ့်သတင်းအခိုင်အမာ အချက်အလက်နဲ့ရေးတဲ့ ဌာနလည်း မဟုတ်ဘူးပေါ့နော်။ ဒီလိုမျိုး သျှမ်းသံတော်ဆင့်တို့၊ ပင်လုံတို့ ၊ ဖူတွယ်ဟောက်တို့ အဲလိုမျိုး နာမည်အခိုင် အမာရှိပြီးသား ယုံကြည်မှုရှိပြီးသားအဖွဲ့မဟုတ်ဘူးပေါ့နော်။ ရှမ်းနယူးတို့ဘာတို့ဆိုတာက ၀ါဒဖြန့်ချီရေးပိုင်း အနေနဲ့ရေးတာလေ။ ဟိုသတင်းတွေမှာရေးတာက ကျမတို့က ဘာမှမပြောလိုဘူး။ အခုလို သျှမ်းသံတော်ဆင့် ကနေ တင်လာတယ်ဆိုတော့ ပြည်သူလူထုက သတင်းခိုင်မာမှုရှိတယ်လို့ထင်သွားမှာပေါ့။ နာမည်ကြီးတဲ့ သတင်းတိုက်ကနေ ဒီလိုမျိုးထွက်လာတယ်ဆိုတာ မဖြစ်သင့်ဘူးပေါ့နော်။
တကယ်တမ်းလွှတ်တော်မှာ အဆိုတင်သွင်းပြီးတော့မှ ဆွေးနွေးခဲ့တာတွေ မရှိခဲ့ပါဘူး။ လွှတ်တော်မှာ မဆွေးနွေးခဲ့ရဘဲနဲ့ ဆွေးနွေးသွားတယ်လို့ ရေးသွားတဲ့အတွက် သူ့အတွက်လည်းမကောင်းဘူး။ တကယ်တမ်း အပြောခံရတဲ့လူအတွက်လည်းမကောင်းဘူးပေါ့နော်။ ဒီဥစ္စာကိုသူရေးချင်တယ်ဆိုရင် အရင်ဆုံး ကာယကံရှင် ကိုသူက ဖုန်းဆက်ပြီးတော့မေးကြည့်သင့်တာပေါ့။ ကာယကံရှင်ကတော့ ဟုတ်တယ်ဆိုရင် ဟုတ်တယ် ပြောမှာ ဘဲ မဟုတ်ဘူးဆိုရင်လည်းမဟုတ်ဘူးပြောမှာဘဲ။
သို့မဟုတ် တခြားသောလွှတ်တော်ကိုယ်စားလှယ်တွေကို သူက မေးလည်း ရပါတယ်။ "နန်းဝါနုက စစ်မှုမထမ်း မနေရ ဥပဒေကို တကယ်တင်သွင်းတာဟုတ်ပါသလား။ ထောက်ခံတာဟုတ်ပါသလား။ " လို့မေးရင် တခြား ကိုယ်စားလှယ်တွေကလည်းဖြေမှာဘဲပေါ့နော်။ အဲ့မှာ စိုင်းသီဟကျော် ကျမကိုမေးတော့ ကျမက - " ဟား တခုမှမသိဘူးလို့။ တင်လည်းမတင်ရဘူး။ ဘယ်လိုလုပ်ပြီး သတင်းထဲရောက်သွားသလဲ " လို့မေးတော့ သူက "မဟုတ်ဘူးတဲ့ အဲ့ချိန်မှာ ရှမ်းနယူးမှာရေးထားတာ ။ အကျိုးအကြောင်းမသိဘဲနဲ့ သူတို့က ရေးလိုက်တာတဲ့။ ၀ါဒဖြန့်ချီရေးအနေနဲ့ရေးလိုက်တာ "- တဲ့သူကကျမကိုအဲ့ချိန်တုန်းကပြောလိုက်တာ။
အဲ့တုန်းက ကျမလည်း စိတ်မဝင်စားခဲ့ဘူး ဂရုမစိုက်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က သျှမ်းသံတော်ဆင့် လိုမျိုး သက်ကြီးဝါကြီး နာမည်ကြီးတဲ့သတင်းဌာနမဟုတ်လို့ပါ။ အဲတာကြောင့် သူတို့က စာနယ်ဇင်း ကျင့်ဝတ် တို့ သတင်းသမားကျင့်ဝတ်တို့ အဲဒီအပိုင်းတွေကိုသိမှာမဟုတ်ဘူး နားလည်မှာမဟုတ်ဘူးလို့ မှတ်ယူထားလို့ပါ။
ဒါကြောင့် ကျမတို့ ရှမ်းပြည်သူလူထုက အားကိုးရတဲ့ ၊ ကျမကိုယ်တိုင်လည်း အားကိုးရတဲ့ သျှမ်းသံတော်ဆင့် ကို "သတင်းမှန်မှန်ကန်ကန်နဲ့ ရပ်တည်လာခဲ့တဲ့အတိုင်း" ဆက်ပြီးတော့ အဲလိုဘဲဖြစ်သွားစေချင်တယ်။ သတင်းတခုတင်တော့မယ်ဆိုရင် သတင်းအဖြစ်ခံသူရဲ့ ကာယကံရှင်ဖြစ်ဖြစ်သူ့နဲ့နီးစပ်တဲ့သူဘဲဖြစ်ဖြစ် ပြန်ပြီးတော့ အတည်ပြုပေးစေချင်ပါတယ်။
အခုဆိုရင် သျှမ်းသံတော်ဆင့်ရဲ့အယ်ဒီတာတယောက်က ကျမကို တောင်းပန်လာတယ်ဆိုတော့ ကျမ တော်တော်လေးကိုကျေနပ်ပြီးဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆောင်းပါးရေးတဲ့သူက သူရေးတာ မှားမှန်းတောင်မသိတဲ့အချိန်မှာ အခုလိုအယ်ဒီတာနဲ့အဆက်အသွယ်ရတော့ ကျမအတွက်အဖိုးအခ မဖြတ်နိုင်တဲ့ ဟာတခုဖြစ်သွားပါတယ်။
ကျေးဇူးတင်ပါတယ်။
ဒေါ်နန်းဝါနု
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
Tags: Letter to Editor