ဓမ္မ သင်တန်းကျောင်း အတွက် မိုင်းပန်မြို့တွင် ဆရာမွမ်းမံ သင်တန်း ပြုလုပ်
သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ် တွင် ဓမ္မ သင်တန်းကျောင်း ဆန်းဒေးစကူးတွင် တာဝန်ထမ်း ဆောင်မည့် ဆရာများအား ဆရာမွမ်းမံသင်တန်း ကို သီရိလင်္ကာပြန် ဘွဲ့တော် ဆွတ်ခူး ရရှိသည့် ဆရာတော်က ဦးဆောင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည် ။
မိုင်းပန်မြို့ အနောက် ရပ်ကွက်ရှိ မွေတော် ကျောင်းတိုက်တွင် မွေတော် ကျောင်းထိုင် ဆရာတော် နှင့် တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းတိုက်မှ ဆရာတော် ဦးဓမ္မသီရိတို့က ဦးဆောင်ကာ သင်တန်းဖွင့် လှစ်ပေးခြင်းဖြစ်သည် ။
“ စက်တင်ဘာ ၁၅ ကနေ ၂၀ အထိ သင်တန်းဖွင့်တယ် ။ မိုင်းပန်မြို့ ရပ်ကွက် ၊ ကျေးရွာအုပ်စုပေါင်း ၁၀ ကျော်က သင်တန်းသား ၁၅၀ ကျော် တက်ရောက်ခဲ့ပါတယ် ။ ဆန်းဒေးစကူး ဘယ်တော့ဖွင့် မလဲဆိုတာမသိရသေးပါဘူး ။ ကြိုတင် ပြင်ဆင်ထားတဲ့ အနေနဲ့ပါ ။ အခုလောလောဆယ် သင်တန်း ဆရာအနေနဲ့ သံဃာတော် ၅ ဦးနဲ့ အရပ်သား ၁၀ ဦး ရှိပါတယ် ။ ” - ဟု မိုင်းပန်ဒေသခံ အိုက်ဦး ကပြောသည် ။
အဆိုပါ သင်တန်းတွင် သင်တန်း ဆရာများအား ဗုဒ္ဓဘာသာ ဆိုင်ရာများ ၊ သျှမ်းစော်ဘွား သမိုင်းများ ၊ သာသနာရေး ဆိုင်ရာ ဗဟုသုတတို့အပြင် လူငယ်များအား ဘုရား ရှိခိုးနည်းနှင့် သာသနာ တော် စောင့်ထိန်းမှုတို့တွင် စိတ်ပါဝင်စားမှု ရှိလာစေရန် မည်သို့ ပို့ချသင်ကြား ပေးရမည်အစ ရှိသည်တို့ကို သင်ကြားပေး သည်ဟု ဆိုပါသည် ။
သင်တန်းသားများမှာ မိုင်းပန်မြို့အတွင်းရှိ အုပ်စု ၁၁ ခုဖြစ်သော ဟိုဖိုင်လုံ ၊ ကုန်းကျိုင်း ၊ နမ့်တင်း ၊ နောင်လုံ ၊ နောင်ဟီး ၊ တောင်ကွဲ ၊ ၀ိုးလိုင်း ၊ နားလော ၊ ဆောင်းဝါး ၊ နောင်ယန်း ၊ နားဝေါန် စသည့် ရွာများမှ ဖြစ်ပါသည် ။
ဓမ္မသင်တန်းကျောင်း (ဆန်းဒေးစကူး) ကို ၂၀၁၃ နှစ်ကုန်ပိုင်းက သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်တွင် ပထမဦးဆုံး တရားဝင် ဖွင့်လှစ် သင်ကြားခဲ့သည် ။ ထိုနောက်ပိုင်း သျှမ်းပြည်နယ် မြို့နယ် တော်တော်များ များတွင် ဖွင့်လှစ်လာ ခဲ့ကြသည် ။
Tags: Education, News



