အစိုးရတပ် ပစ်ခတ်မှု ကြောင့် စဝ်စံထွန်း ဆေးရုံရောက် မိုင်းပွန် ဒေသခံ အသက် အန္တရာယ် စိုးရိမ်



သျှမ်းပြည် တောင်ပိုင်း လွိုင်လင် ခရိုင်တွင် အစိုးရ တပ်မတော်မှ  လက်နက်ကြီး ငယ်ဖြင့်  ပစ်ခတ်ခဲ့မှု ကြောင့် ဒဏ်ရာရ သူများ အနက် တောင်ကြီး မြို့ စဝ်စံထွန်း ဆေးရုံရောက် စိုင်းတောင် ခေါ် စိုင်းတ မှာ ခြေ ၊ လက်တဖက်စီ ပြတ်လု နီးပါး ဖြစ်နေပြီး ဒဏ်ရာ ပုပ်ပွ နေပြီ ဖြစ်သောကြောင့်  စိုးရိမ် နေရသည့် အခြေ အနေတွင် ရှိနေကြောင်း ကျန်းမာရေး ဝန်ထမ်း တဦးက ပြောပါသည် ။


လွိုင်လင် မြို့နယ် ၊ မိုင်ပွန် မြို့နှင့် ၁၈ မိုင်ကွာဝေးသော နောင်လိုင် ကျေးရွာ အုပ်စု ၊ နောင်ပါတက် ရွာဦး ဘုန်းကြီးကျောင်းတွင် ဥပုတ်နေ့ အတွက် ဆွမ်းဟင်း ချက်နေသော ရွာသားများအား အစိုးရ တပ်မတော် မှ စက်တင်ဘာ ၁၂ ရက်နေ့က လက်နက်ကြီး ငယ်ဖြင့် ပစ်ခတ်ခဲ့ရာ တဦး သေဆုံးပြီး ဒဏ်ရာ ရရှိသူ ၆ ဦးအနက် ခြေ လက် တဖက်စီ ပြတ်လု နီးပါး ဖြစ်နေသော စိုင်းတောင် ခေါ် စိုင်းတ မှ ၁၃ ရက်နေ့က တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံသို့ ရောက်ရှိ ခဲ့ပါသည် ။


“ ဆွမ်းဟင်း အတွက် ကျနော်တို့ အသားငါးတွေ လှီးနေတဲ့ အချိန် အဝေးကနေ ဗုံးနဲ့ လှမ်းပစ်တော့ အားလုံး ထွက်ပြေး ကြတယ် ။ အဲ့မှာ စိုင်းတောင် တယောက်ဘဲ ကျန်ခဲ့တော့ တပ်မတော် သားတွေက အဲ့ဒီက ဓါးနဲ့ ဝိုင်းခုတ် ကြတယ် ။ ညာဖက် ခြေထောက်နဲ့ ညာဖက်လက် ပြတ်သွားတယ် ။ မိုင်းပွန် ဆေးရုံက မနိုင်တော့လို့ ကျနော်တို့ တောင်ကြီး စဝ်စံထွန်း ဆေးရုံကို လာပို့ကြ တာပါ ။ ကျန်တဲ့ ၅ ယောက် ကတော့ မိုင်းပွန် ဆေးရုံမှာ ရှိတယ် ”- ဟု  ပစ်ခတ်ခံရမှု ဖြစ်စဉ်တွင် ပါဝင် ကြုံတွေ့ ခဲ့ရသည့်  ဒေသခံ တဦးက ပြောသည် ။


အင်အား (၄၀) ခန့်ရှိသည့် လွိုင်လင်တပ် ခလရ (၁၂) မှ ဝင်ရောက် ပစ်ခတ် ခဲ့သည်ဟု သိရသည် ။


အဆိုပါ ဒေသ အတွင်း လှုပ်ရှား နေသည့် RCSS/SSA စစ်ကြောင်းအား အစိုးရတပ်က လိုက်လံတိုက် ခိုက်ချေမှုန်းကာ နယ်မြေ ရှင်းလင်းရေး နယ်မြေ စိုးမိုးရေး စီမံချက်ကြောင့် ဒေသခံ လူထုတို့ ယခုကဲ့သို့ စစ်ဘေး စစ်ဒဏ် ခံနေရခြင်း ဖြစ်ပါသည် ။


RCSS / SSA နှင့်  အစိုးရတို့သည်  ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး တည်ဆောက် နေသည့် အဖွဲ့ ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် အဆင်သင့် ဖြစ်နေသည့် အဖွဲ့ဖြစ်သည် ။ 




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates