လယ်ယာမြေများ အမြန်ဆုံး ကွင်းဆင်းစစ်ဆေးပေးရန် မြေစာရင်းဌာနအား မိုင်းပန်မြို့နယ်ထွေအုပ်မှာကြား
မိုင်းပန်ဒေသခံများ၏ အသိမ်းခံရ လယ်ယာမြေများအား အမြန်ဆုံး ကွင်းဆင်းစစ်ပေးရန် မိုင်းပန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက မြေစာရင်းဌာနအား ညွှန်ကြားလိုက်ကြောင်း သိရသည် ။
| အောက်တိုဘာလ ၆ ရက်နေ့က မိုင်းပန်လယ်သမားများ မြေစာရင်းထံစာသွားပေးပို့စဉ် |
အောက်တိုဘာ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ မိုင်းပန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် မိုင်းပန်လယ်သမားများ သွားရောက်တွေ့ဆုံရာတွင် ထိုသို့ညွှန်ကြားလိုက်ခြင်းဖြစ်သည် ။ အဆိုပါတွေ့ဆုံပွဲတွင် ဌာနဆိုင်ရာတာဝန်ရှိများလည်း တက်ရောက်ကြောင်းသိရသည် ။
“ ကျနော်တို့ လယ်သမားတွေ မနေ့က ထွေအုပ်မှူး ဦးဝင်းမြင့်နဲ့သွားတွေ့တယ် ။ ထွေအုပ်က မြေစာရင်းကို ညွှန်ကြားလိုက်တယ် ။ အဲဒီလယ်ယာ မြေတွေကို အမြန်ဆုံးပြန်စစ်ဆေးပေးဖို့ပေါ့နော် ။ ဘယ်နေ့ရက်လဲ မသိသေးပေမယ့် ကျနော်တို့လယ်သမားတွေအနေနဲ့တော့ အခုလိုကြားရတော့ စိတ်ချမ်းသာနေတယ် ။ ဒီကြားထဲအမြန်ဆုံး ကွင်းဆင်းစစ်ဆေးပေးမယ်လို့ ယုံကြည်ပါတယ် ။ ကွင်းဆင်းစစ်ဆေးတဲ့အချိန်ကျရင် လွယ်ကူအောင် ကျနော်တို့ရွာသားတွေ လယ်သမားတွေလည်း ကွင်းဆင်းကူညီ ပေးကြပါမယ် ” - ဟု မိုင်းပန်မြို့မှ လယ်အသိမ်းခံရသူ စိုင်းနွံကပြောသည် ။
မိုင်းပန်လယ်သမားများ၏ လယ်ယာမြေ ၏က ၅၀၀ ကျော်ကို မြို့သစ်တည်ရန်ရည်ရွယ်ကာ အစိုးရ စစ်တပ် က ပြီးခဲ့သည့် ၂၀၀၀ ခုနှစ်ကတည်းက သိမ်းဆည်းလိုက်သည် ။ သို့သော် အမြောက် တပ် ဆောက် ရုံကလွဲ၍ မြို့သစ်တည်ခြင်းမရှိသကဲ့သို့ အဆိုပါမြေများအား အသုံးပြုခြင်းလည်း မရှိခဲ့ ပေ ။ တဖက်တွင်လည်း လယ်ပိုင်ရှင် များ အား လယ်ယာစိုက်ပျိုးခွင့်မပေးဘဲ ထိုသို့အလွှတ် အတိုင်း ထားရှိနေသည့်အပေါ် ပြန်လည်ခွဲဝေပေးရန် လယ်သမားများ စုပေါင်းလက်မှတ်ရေးထိုးကာ မြို့နယ်၊ ခရိုင် ရှိဌာနဆိုင်ရာနှင့် သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ ပေးပို့ခဲ့သည် ။
“ နောက်ပြီးတော့ အခုလို အသိမ်းခံရလယ်ယာမြေကိစ္စတွေ ရှင်းလင်းနေဆဲအချိန်မှာ နတလ အဆောက်အဦးအတွက်ဆိုပြီး ဆောက်လုပ်နေဆဲဖြစ်တဲ့ ရွှေသုန္နရီတော်ဝင် ကုမ္မဏီကိုလည်း ဆောက်လုပ်နေမှု ခေတ္တရပ်တံ့ထားပေးဖို့ ကျနော်တို့ တောင်းဆို ပန်ကြားလိုပါတယ် ။” - ဟုလည်း မြို့နယ်ထွေအုပ်နှင့်သွားရောက်တွေ့ဆုံခဲ့သည့် မိုင်းပန်လယ်သမားများက ပြောဆိုပါသည် ။
မိုင်းပန်မြို့နယ်တွင် အသိမ်းခံရလယ်ယာမြေပေါင်းဧက ထောင်နှင့်ချီရှိပြီး ၁၉၉၆-၁၉၉၇ ခုနှစ်ကလည်း မြို့ပြင် ကျေးလက်တောရွာ ၁၀၀ ရွာကျော်အား စစ်အစိုးရက မြို့ပေါ်ပြောင်းရွှေ့နေထိုင်ခိုင်းခဲ့သည် ။ အသိမ်းခံရလယ်ပိုင်ရှင်အများစုနှင့် ပြောင်းရွှေ့ခိုင်းခြင်းခံရသည့် ကျေးလက်ဒေသခံများမှာ မိသားစုရေး ၊ ဝမ်းရေးအတွက် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ် ခဲ့ကြရပါသည် ။
Tags: Human Right, News

