တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ တိကျတဲ့ မူဝါဒနဲ့ လမ်းပြမြေပုံရှိဖို့လိုနေတဲ့ NLD
နပြည်တော်မှာကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ကျနော့ အနေနဲ့ အစက တက်ဖို့ အစီစဉ်မရှိပါဘူး ။ ဒါကလည်း ဒေါ်အောင်ဆန်းစုကြည်တို့ ဦးခွန်ထွန်းဦး တို့လို ခေါင်းဆောင်တွေ မတက်ဘူး ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ လည်း မစုံဘူး ၊ နိုင်ငံရေးမူဘောင်မှာလည်း ကျစ်ကျစ်လစ်လစ် မဟုတ်ပဲ ပွယောင်းယောင်းဖြစ်နေတယ် စတဲ့ အကြောင်းကိစ္စရပ်တွေကြောင့် သိပ်လည်း စိတ်မဝင်စားလှပါ ။
သို့သော်လည်း ဇန်နဝါရီလ ၁၂ ရက်နေ့ နေပြည်တော်မှာ ကျင်းပမဲ့ ညီလာခံကို ဒေါ်အောင် ဆန်းစုကြည် တက်ရောက်မယ် မိန့်ခွန်းပြောမယ်ဆိုတဲ့သတင်းတွေ ထွက်လာတော့ တိုင်းရင်းသား တယောက်လည်းဖြစ်ပြီး တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ တောက်လျှောက်စာတွေရေးနေတဲ့ စာရေးသူလည်း မနေသာတော့ပါဘူး ။
ညီလာခံ မကျင်းပခင် တရက်အလိုမှာပဲ နေပြည်တော်ကို အရောက်သွားခဲ့ပါတော့တယ် ။ နေပြည်တော် သွာရာလမ်း တလျှောက်လုံးလည်း တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ကတိကဝတ်တွေပေးထားတဲ့ အန်အယ်လ်ဒီအနေနဲ့ ဘယ်လိုစာတမ်းတွေတင်မလဲ ၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာတွေ ပြောမလဲ ၊ အန်အယ်လ်ဒီကိုယ်စားလှယ်တွေ အနေနဲ့ ဖက်ဒရယ်နဲ့ ပတ်သက်လို့ ဘာတွေ ဆွေးနွေးကြမလဲ ဆိုတာကို မှန်းဆ ပုံဖော်မိခဲ့ပါတယ် ။
ညီလာခံဖွင့်ပွဲနေ့ရောက်တော့ စစချင်းမှာပဲ အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းကို သွားတွေ့ခဲ့သလို ဘာစာတမ်းတွေတင်ဖြစ် မလဲ ဆိုတာ မေးကြည့်ဖြစ်တော့ ‘ NLD က ဖက်ဒရယ်ကို ဘယ်သူမှ မပြောခင်ကတည်းက ပြောခဲ့တယ် လက်ခံတယ် ။ ဒါပေမဲ့ ဖက်ဒရယ် က ပုံစံအမျိုးမျိုးရှိတဲ့အတွက် တိုင်းရင်း သား တွေ သဘောထားက အရေးကြီးတယ် ။ သူတို့အချင်းချင်း သဘောတူညီမှုက နေထွက်လာတဲ့ ရလာဒ်ကို အန်အယ်လ်ဒီက လက်ခံမှာပါ ပါတီအနေနဲ့ သီးသန့် တင်ဖို့ မရှိဘူး ‘ လို့ ဦးဉာဏ်ဝင်းက စာရေးသူကို ပြောပါတယ် ။
အခမ်းအနားစတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းကိုလည်း သေချာနားထောင်ဖြစ် ပါတယ် ။ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးမှာ အားလုံးပါဝင်ဖို့လိုတယ် ပါဝင်အောင် လုပ်ရမယ်ဆိုတဲ့ သဘော ပြောသွားသလို တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ် ဖို့လိုတဲ့ အကြောင်း ၂၁ ရာစု ပင်လုံကဲ့သို့ ညီလာခံ ပေါ်ပေါက်လာရေးက အရေးကြီးတဲ့ အကြောင်း စသဖြင့် ရွှန်းရွှန်းဝေအောင် ပြောသွားပါတယ် ။
တကယ်လည်း သိကြတဲ့အတိုင်း အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြား နိုင်ငံလုံး ဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့ရာမှာ အဖွဲ့ ၂၁ ဖွဲ့အနက် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ပဲ လုပ်ခဲ့တာဖြစ်ပြီး အပစ်ရပ်ဖို့ ကျန်တဲ့ နေရာတွေမှာ သေနတ်သံတွေကလည်း ကြားနေခဲ့ရတယ် မဟုတ်ပါလား ။ သို့သော်လည်း အသွင် သဏ္ဍာန်အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းပါ အချက်လက်တွေကို လက်ခံပေမဲ့ အားလုံးပါဝင်ရေးလို ကိစ္စမှာ အလုပ်သဘောအရ အဆင်ပြေအောင် ဘယ်လို လုပ်မယ် ဆိုတဲ့အချက် မပါတဲ့အပေါ် ( မှတ်ချက် ။ ။ ကိုးကန့် ၊ အေအေ ရခိုင့်တပ် မတော်အပြင် အဖွဲ့တချို့ကို တပ်မတော်မှ လက်မခံ ) အနည်းငယ်တော့ ဘဝင်မကျဖြစ်မိ ပါတယ်။ ဒါပေမဲ့လည်း မိန့်ခွန်းနဲ့ လက်တွေ့လုပ်ဆောင်ချက်က တစ်ခါတစ်ခါ အနည်းငယ် ကွာဟ တတ်ပါတယ်ဆိုတဲ့ စိတ်နဲ့ စာရေးသူအနေနဲ့ အနည်းငယ်ဖြေတွေးလိုက်ပါတယ် ။
ညီလာခံ တက်ရောက် လာတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တော်တော်များများ ကလည်း ညီလာခံ တလျှောက် အန်အယ်လ်ဒီ က ဘာတွေတင်ပြဆွေးနွေးမလဲ ဆိုတဲ့ အပေါ်တော်တော်လေးကို စိတ်ဝင်တစား ရှိလှတာ တွေ့ရပါ တယ် ။ ဒါပေမဲ့ ညီလာခံ ၅ ရက်တာ ပြီးစီးသွားတဲ့ အထိ အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေအနေနဲ့ ဘာမှ ၀င်မဆွေးနွေးခဲ့ပါဘူး ။
ညီလာခံမှာ ဆွေးနွေးခဲ့တဲ့ ကိစ္စရပ်တွေကတော့ နိုင်ငံရေး ခေါင်းစဉ်အောက် မှာ ဖက်ဒရယ်ကို ဘယ်လိုပုံစံနဲ့ တည်ဆောက်မလဲ ၊ သယံဇာတခွဲဝေမှု ဘယ်လိုလုပ်မလဲ ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေအတွက် အခွန်ကောက်ခံခွင့် ၊ လက်နက်ကိုင်တွေ ပြုပြင်ပြောင်းလဲရေး ၊ စစ်လက်နက်ဖြုတ် သိမ်း ရေး ၊ လက်နက်ကိုင်များ အရပ်သား အဖြစ် အသွင်ပြောင်းရေး ၊ ပြန်လည် ပေါင်းစည်းရေး DDRSSR ၊ စီးပွားရေးကဏ္ဍ ဆိုပြီး ခေါင်းစဉ် ၅ ခုနဲ့ ဆွေးနွေးခဲ့တာပါ။ ဘာမှ မဆွေးနွေးသော်လည်း ဖက်ဒရယ်ပုံစံနဲ့ ပတ်သက်လို့ တိုင်းရင်းသားအင်အားစုအချို့ရဲ့တင်ပြချက်တွေကို ကြံ့ခိုင်ရေးနဲ့ တပ်မတော်ကိုယ်စား လှယ်တွေ နည်းတူ ၀င်ရောက် ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမူနဲ့ နီးစပ်တဲ့ ၈ ပြည်နယ် သျှမ်းမူနဲ့ ပတ်သက်လို့ပါ ။
ဝင်ကန့်ကွက်လို့ တခြား သင့်တော်တဲ့ ပုံစံတရပ်မျိုးဆွေးနွေး သွားတာရှိလား ဆိုတော့ လည်း မရှိတဲ့အတွက် တိုင်းရင်းသား ကိုယ်စားလှယ်အချို့အနေနဲ့ အန်အယ်လ်ဒီအပေါ် နားမလည်နိုင်အောင်ဖြစ်ရတယ်ဆိုပြီး ပြောသံတွေထွက်လာကြပါတယ် ။
စာရေးသူအနေနဲ့လည်း အဲဒီအချိန်မှာပဲ အန်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲ ကြေငြာစာတမ်း ပါ တိုင်းရင်းသားအရေးတို့ ပြည်တွင်းငြိမ်းချမ်းရေးတို့ဟာ သူ တကယ်ဦးစားပေးမှာတွေ ဟုတ်ရဲ့လား ။ ဒီအတွက်ကော သူ့မှာ လမ်းပြမြေပုံ မရှိဘူးလားဆိုပြီး သံသယဝင် လာပါတယ်။နောက်ပိုင်း လွှတ်တော်တွေခေါ်လို့ အန်အယ်လ်ဒီပါတီရဲ့ လွှတ်တော် ဥက္ကဌတွေရဲ့ မိန့်ခွန်းတွေကို နားထောင် ပြီးတော့မှပဲ၊အန်အယ်လ်ဒီမှာ တိုင်းရင်းသားအရေး ဖက်ဒရယ်ပြည်ထောင်စုအရေးတွေနဲ့ ပတ်သက်လို့တိကျတဲ့ လမ်းပြမြေပုံနဲ့ မူဝါဒတွေ မရှိသေးဘူးလို့ ယုံကြည်လာခဲ့ရပါတယ်။ နောက်ပြီး အမျိုးသားသင့်မြတ်ရေးလို့သာ အော်နေပြီး အခုထိ မဟာမိတ်ဟောင်း တိုင်းရင်းသားတွေနဲ့ ဆွေးနွေးနိုင်မှု မရှိသေးတဲ့ကိစ္စနဲ့ ရာထူးပေးအပ်မှုတွေမှာ ငါပေးတာယူလိုက်ဆိုတဲ့ သဘောမျိုးလောက်ဖြစ်နေတဲ့ ကိစ္စရပ်တွေက တိုင်းရင်းသားအရေးအတွက် ရေရှည်ပြေလည်ပါ့မလား ဆိုပြီး သံသယဝင်မိပါတယ် ။
အပစ်ရပ်ရေး ငြိမ်းချမ်းရေးဆွေးနွေးမှုကိစ္စတွေကို အရင်စကြည့်ရအောင်ပါ ။
ဥပမာအားဖြင့် အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အပစ်ခတ်ရပ်စဲမှုမှာ အားလုံးပါဝင်ရေးနဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ အားလုံးပါဝင်ရေးဆိုပါစို့ ။ အားလုံးပါဝင်ရေးက နားထောင်လို့ကောင်းပါတယ် ။ တကယ်လည်း တိုင်းပြည်ရဲ့ အစိတ်ပိုင်းအားလုံးငြိမ်းချမ်းဖို့လိုတယ်။ သေနတ်သံတွေ တိတ်ဖို့လိုပါ တယ် ။ သို့သော်လည်း အလုပ်ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာက ပြသနာပါ ။ တပ်မတော်က လက်သင့်မခံတဲ့ ကိုးကန့် ၊ အေအေ ရခိုင့်တပ်မတော်တို့လို ကိစ္စတွေကြောင့်လည်း နိုင်ငံလုံးဆိုင်ရာအ ပစ်ခတ်ရပ်စဲရေးမှာ အဖွဲ့ ၈ ဖွဲ့သာ လက်မှတ်ရေးထိုးနိုင်ခဲ့တာ အားလုံးအသိပါပဲ ။ တရုတ်နယ်စပ်မှာ ရှိတဲ့ ကိုးကန့်ကို အခုထိ လက်နက်နဲ့ ငြိမ်းချမ်းရေးလှဲဖို့ တပ်ချုပ်က မကြာခဏ ပြောဆိုလာတာ ကြည့်ရင် အန်အယ်လ်ဒီက အားလုံးပါဝင်ရေး မူကို တင်ရင် တနှစ်လောက် ဆွေးနွေးပွဲတွေ မဖြစ်ပဲ ရပ်သွားမလား ဆိုပြီး သံသယဝင်မိပါတယ် ။ တကယ်လည်း ကိုးကန့် ပြသနာက တပ်မတော်အတွက် ဂုဏ်သိက္ခာ ဆိုင်ရာ ပြသနာဖြစ်နေတဲ့အပြင် အနောက်နဲ့ ပိုမိုနီးစပ်လိုတဲ့ ရည်မှန်းချက်အတွက်လည်း အခရာကျနေတဲ့ ကိစ္စတရပ်ဖြစ်နေပါတယ် ။
အဲဒီလိုအနေထားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းနိုင်မှုနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကောင်းမွန်စွာ ဆောင်ရွက်နိုင်စွမ်းတွေက အရေးပါလာ မှာဖြစ်ပါတယ် ။ သဘောက ကိုးကန့်အပါဝင် တချို့ လက်နက်ကိုင်အဖွဲ့တွေကို တပ်မတော်က လက်မခံသေးဘူးဆိုရင် အန်အယ်လ်ဒီမှာ တခြားဘာ ရွေးချယ်ထားစရာ လမ်းကြောင်းတွေ ရှိနေသလဲဆိုတာပါပဲ ။ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်က အဖွဲ့တွေတော်တော် များများအနေနဲ့ အန်စီအေမှာ လက်မှတ်မထိုးနိုင်ခဲ့တာဟာ အဲဒီ ကိုးကန့်ကိစ္စက အခရာကျသလို ၊ တရုတ်သဘောထားနဲ့လည်း အများကြိးသက်ဆိုင်ပါတယ် ။ နောက်ပြီး တပ်မတော်ရဲ့ အရှေ့နဲ့ခွာ အနောက်နဲ့ဆ က်ဆံလိုတဲ့ သဘောထားတွေကိုလည်း ထည့်တွက်ရဦးမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်နဲ့ သမ္မတ ဦးသိန်းစိန် အစိုးရက အလေးထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လုပ်မယ်လို့ ယုံကြည်ရပေမဲ့ လုပ်ငန်းစဉ်အောင်မြင်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်အကြား ယုံကြည်မှု တည်ဆောက်ထားနိုင်မှု အပေါ်မူတည်သလို တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီရဲ့ အသိမြင်ကြွယ်ဝမှု နှံ့စပ်မှု လုပ်ဆောင်နိုင်စွမ်း တွေအပေါ်မှာလည်း မူတည်ပါတယ် ။ ကေအန်ယူလား ၊ ကရင် ငြိမ်းချမ်းရေးကောင်စီလားဆိုတာ ခွဲခြားမသိပဲ ကေအန်ယူထင်ပြီး ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဆုံခဲ့ဖူးတဲ့ အဖြစ်ကို စာရေးသူ သတိရမိပါတယ် ။
မဟာမိတ်တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးကတော့ မဆိုးလှသေးဘူးလို့ ထင် ကောင်း ထင်နိုင်ပါ တယ် ။ ၉၀ ရွေးကောက်ပွဲမှာနိုင်ခဲ့ဖူးတဲ့ တိုင်းရင်းသားပါတီတွေ အများစုက ၂၀၁၅ ရွေးကောက်ပွဲမှာ ပြန်အနိုင်ရလာခဲ့ပါတယ် ။ အဲဒီမှာ ဦးဆောင်သူတွေ တော်တော်များများက စစ်အစိုးရလက်ထက်မှာ အန်အယ်လ်ဒီနဲ့ ကျောချင်းကပ်ခဲ့သူတွေပါ ။ ရွေးကောက်ပွဲပြီးတာ ကြာလာပေမဲ့ အခုထိ အန်အယ်လ်ဒီနဲ့သူတို့အကြားမှာ ဆွေးနွေးမှု မရှိသေးပါဘူး. ။
ဦးအေးသာအောင်ကိုအမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဌ အဖြစ်ပေးခဲ့ပေမဲ့ တကယ့်မဟာမိတ်မူအရဆိုရင် ဆုံးဖြတ်နိုင်တဲ့ ဥက္ကဌ လို ရာထူးအထိ ပေးသင့်ပါတယ်။ ဦးတီခွန်မြတ်လို မူးယစ်နဲ့ပတ်သက်ပြီး နာမည်ထွက်ဖူးသူ အန်အယ်လ်ဒီနဲ့တွေ့တာ မကြာသေးသူကိုတောင် ဒုတိယ ဥက္ကဌအဖြစ်ပေးသင့်တယ် မဟုတ်ပါလား ။
ဦးအေးသာအောင်တို့ ဦးခွန်ထွန်းဦးတို့ ဦးဆောင်နေတဲ့ UNA ညီညွတ်သော တိုင်းရင်း သား လူမျိုးများ မဟာမိတ်အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တွေရဲ့ ယုံကြည်ကိုးစားမှုကိုလည်း ရထားတာကြောင့် တိုင်းရင်းသားအရေးအတွက် အန်အယ်လ်ဒီ တကယ်လုပ်မယ်ဆိုရင် သူတို့နဲ့ မဖြစ်မနေ ဆွေးနွေး အကြံဉာဏ်ယူပြီး ဆောင်ရွက်ရမှာပါ ။ ဒါမှမဟုတ်ငါပေးသလောက်ယူ ဆိုတဲ့ အခြေနေလောက်သာ ဆိုရင် ဒါမှ မဟုတ် ကိုယ်နဲ့အလွမ်းသင့်သူလောက် လက်သင့်သူလောက်ကိုပဲ နေရာခွဲပေးတာလောက်ဆိုရင်တော့ တကယ့်အဖြေထွက်ဖို့က ခက်ပါတယ် ။
အန်အယ်လ်ဒီပါတီဝင် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းရဲ့ မိန့်ခွန်းကို ကြည့်မယ်ဆို ရင်လည်း ရေတိုအတွက်သာ ပြောနေတဲ့ သဘောသက်ရောက်ပါတယ် ။ ရေရှည်အတွက်တော့ သိပ်လက်တွေ့မကျပဲ အလုပ်သဘော သိပ်မပါတဲ့ မိန့်ခွန်းလို့ မှတ်ချက်ချရမှာဖြစ်ပါတယ် ။
ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံပေါ်ပေါက်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရရှိဖို့အတွက် လိုအပ်ဥပဒေတွေကို အမျိုးသားလွှတ်တော်ကနေ ပြင်ဆင်ပြဌာန်းဖို့ မလိုအပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့ ကြိုးစားရမှာဖြစ်တယ်လို့ အာဇာနည်ခေါင်းဆောင် မန်းဘခိုင်ရဲ့ မြေး ကရင်တိုင်းရင်းသားဖြစ်သူက ပြောသွား ပါတယ် ။
ငြိမ်းချမ်းရေးရဖို့ အခြေခံ ဥပဒေပြင်ဆင်ရေးက နည်းလမ်းနှစ်လမ်းရှိပါတယ်။ လွှတ်တော်အတွင်းကနေ ပြည်နယ်ဒေသတွေအတွက် လုပ်ပိုင်ခွင့်ပိုရဖို့ အခြေခံ ဥပဒေ ဆိုင်ရာ ပုဒ်မတွေကို ပြင်ပေးတဲ့နည်းပါ ။ နောက်တနည်းက ကျင်းပနေတဲ့ ဆက်လက် ကျင်းပဖို့ ရှိတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကနေ ဆွေးနွေးမှု ရလာဒ် အပေါ် မူတည်ပြီး ပြင်ကြတဲ့နည်းပါ ။ လွှတ်တော်အတွင်းပြင်တဲ့ ကိစ္စရပ်က ပြည်နယ် ၀န်ကြီး ချုပ် ကို ပြည်နယ်တွေက ရွေးချယ်နိုင်ရေး ၊ သယံဇာတခွဲဝေရေး ၊ အကောက်အခွန်နဲ့ ပတ်သက် လို့ လုပ်ပိုင်ခွင့်ပေးရေးတွေလို ကိစ္စရပ်တွေက လွှတ်တော်အတွင်းမှာ ပြေလည်ကောင်းပြေလည် နိုင်ပါတယ် ။ ဒါပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ များပြီး တိုင်းရင်းသား လက်နက်ကိုင် အင်အား တသိန်းခွဲလောက်ရှိတဲ့ မြန်မာနိုင်ငံမှာ သူတို့ သဘောမပါပဲနဲ့ လွှတ်တော်အတွင်းမှာတင် ပုံစံကျနတဲ့ တိုင်းရင်းသားတွေ သဘောကျတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်လာဖို့ ဥပဒေတွေ ပြင်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာကောင်းပါတယ် ။ အခြေခံ ဥပဒေပါ ပြဌာန်းချက်တွေအရလည်း ဥပမာအားဖြင့် နယ်မြေသတ်မှတ်ရေး မြေပုံပြင်ဆွဲရေးလို ကိစ္စရပ်တွေဟာ ခက်ခဲ လက်ဝင်မှာ ဖြစ်တဲ့အတွက် လွှတ်တော်အတွင်း ပြင်ဆင်မှု သီးသန့်နဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်မလာနိုင်တာ အသေချာပါပဲ ။ လက်ရှိအခြေခံ ဥပဒေနဲ့ မြန်မာပြည်ရဲ့ ပြည်နယ်နဲ့တိုင်း မြေပုံဖွဲ့စည်းမှုတွေက ပထဝီကိုလည်း အခြေခံ မထားသလို လူမျိုးအရလည်းမှန်ကန်မှုမရှိပါဘူး ။ စစ်လက်နက်တပ်ဆင်တဲ့ အဖွဲ့တွေ နိုင်ငံရေးအရ အားသာတဲ့ နယ်မြေတွေလည်း ရှိနေတဲ့အတွက် လွှတ်တော်အတွင်းနဲ့ လွှတ်တော် ပြင်ပနိုင်ငံရေးဆွေးနွေးမှုတွေမှာ ချိတ်ဆက်ဆောင်ရွက်နိုင်မှသာ အဆင်ပြေမဲ့ အနေထားပါ ။
လတ်တလောကာလကို ကြည့်မယ်ဆိုရင်တော့ အန်အယ်လ်ဒီအနေနဲ့ အစိုးရဖွဲ့ရေး ၊ ဒေါ်အောင်ဆန်း စုကြည်သမ္မတ ဖြစ်ရေး ၅၉ (စ) လိုကိစ္စတွေမှာ အချိန်ကုန်နေသလိုတောင် ဖြစ်နေပါတယ် ။ အထူး သဖြင့် ၅၉ (စ)နဲ့ ပတ်သက်လို့ အချိန်တွေ ကုန်နေပြန်တာဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်းကာလကို သတိရစရာပါ ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်တုန်းကလည်း တရားဥပဒေစိုးမိုးရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးတွေကို ကတိပြုခဲ့ပြီး လွှတ်တော်ထဲရောက်လာချိန်မှာတော့ ပြည်တွင်းငြိမ်းချမ်းရေး တိုင်းရင်းသားအရေးနဲ့ ဆိုင်တဲ့ ပုဒ်မတွေကို အလေးမပေးတော့ပဲသမ္မတ ဖြစ်ခွင့်အတွက် ၅၉ (စ) တို့ တပ်ကို စိန်ခေါ်တဲ့ ပုဒ်မတွေဖြစ်တဲ့ ၄၃၆ တို့ကိုသာ အလေးပေးခဲ့တာ အားလုံးအသိပါပဲ ။ အခုတကြိမ်လည်း အဲဒီလို မဖြစ်စေလိုတာ တိုင်းရင်းသားတော်တော်များများရဲ့ ဆန္ဒပါ ။ လက်တွေ့အခြေနေအရလည်း တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တဲ့ အခြေခံ ဥပဒေပြင်ဆင်မှုဆိုင်ရာ ပုဒ်မတွေက ၄၃၆ တို့ ၅၉ (စ) တို့လောက်တောင် ခက်ခက်ခဲခဲ လူထု ဆန္ဒခံယူပွဲလုပ်စရာမလို လွှတ်တော်အတွင်းမှာတင် ပြင်နိုင်တဲ့ ပုဒ်မတွေဖြစ်ပါတယ် ။ အဲဒီပုဒ်မတွေပြင်နိုင်ရင် ပြည်နယ်တွေအတွက်တင်မကပါဘူး တိုင်းတွေအတွက်ပါ အဆင်ပြေမှာဖြစ်ပါတယ် ။
အခုလည်း ကတိတွေပေးပြီး ၅၉ ( စ) လိုကိစ္စက ကျယ်လောင်လာပြန်ပါပြီ။ လူထုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သံယောဇဉ်နဲ့ ဖြစ်စေချင်မှာပါပဲ ။ ကျန်တော့်အမြင်အရတော့ ၅၉ (စ) က လတ်တလော အလောတကြိးကိုင်တွယ်ရင် ထောင်ချောက်ဖြစ်နိုင်တဲ့ ပုဒ်မ ဖြစ်နိုင်သလို အလျော်အစားကြီးနိုင်တဲ့ ပုဒ်မလည်း ဖြစ်ပါတယ် ။ ၀န်ကြီးဌာနတွေ အများကြီး ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေ နေရာအများကြီး သုတို့ကို ပေးပြီးမှ အဆင်ပြေသွားမယ်ဆိုရင်လည်း ဒါဟာ ရေတိုသာ ဖြစ်နိုင်ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတလည်းဖြစ် အားလုံးလည်း ဒီမိုကရေစီရ တိုင်းရင်းသားအခွင့်ရေးတွေလည်းရ ဆိုတဲ့ အခြေနေဟာကောင်းပေမဲ့ လက်တွေ့နိုင်ငံရေးမှာ Winner take all မဖြစ်နိုင်တာ သတိပြုသင့်ပါတယ် ။
အခု အာဏာလွှဲပြောင်းရေးဆွေးနွေးနေဆဲ ကာလမှာပဲ သမ္မတ လောင်းတွေတင်ဖို့ ကိစ္စကို မတ်လ ၁၇ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ရတာဟာ အခြေခံ ဥပဒေအရ အကျပ်တည်းဖြစ်လာနိုင်ခြေကိုညွှန်းဆိုနေတယ်လို့လည်း လေ့လာသူအချို့က ဆိုထားပါတယ် ။
ယုတ်စွအဆုံး တပ်နဲ့ အန်အယ်လ်ဒီ ပြေလည်ရင်တောင် မြန်မာနိုင်ငံရဲ့ အဓိက ပြသနာကြီးလေးရပ်မှာ အားလုံး ပြေလည်တာ မဟုတ်ဘူးလို့ သတိချပ်စေချင်ပါတယ် ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ၊ အရပ်ဘက်စစ်ဘက် ဆက်ဆံရေး ၊ တိုင်းရင်းသားအရေး ၊ ဆင်းရဲမွဲတွေမှု ဆိုတဲ့ အဓိက ပြသနာလေးရပ်မှာ အားလုံးက ဆက်စပ်နေပါတယ် ။ တစ်ခုတည်း ပြေလည်ရင်တောင် ကျန်တာတွေက ပြသနာရှိနိုင်တဲ့အနေထားပါ ။ ပုဂ္ဂိုလ်ရေးဆန်တဲ့ ကိစ္စကို ဖြေရှင်းလိုက်ရင် အားလုံ ပြေလည်သွားပြီလို့ လူတွေကို တလွဲ အယုံသွင်းမဲ့အစား လက်တွေ့ကျတဲ့ အင်စတီကျူးရှင်ပြောင်းလဲရေးအတွက် အခြေခံ ဥပဒေထဲမှာ ပြင်သင့်ပြင်ထိုက်ပြီးလွယ်လွယ်ကူကူပြင်နိုင်တဲ့ ပုဒ်မတွေကို အရင်ဦးစားပေးတဲ့အတွက် တပ်မတော်နဲ့ ထိပ်တိုက်တွေ့မှုတွေကိုလည်း ရှောင်ရှားနိုင်ပါလိမ့်မယ် ။
ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းကို နမူနာ ပြချင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အားလုံးပါဝင်တဲ့ တပ်ပေါင်းစုမူကို အမြဲလက်ကိုင်ထားသလို တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ငါသမ္မတ ဖြစ်မှ ငါ ဘုရင်ခံဖြစ်မှ လုပ်မယ်ဆိုတဲ့ လူလည်း မဟုတ်ပါဘူး ။ ဖဆပလမှာသူတာဝန်ယူနေတဲ့အချိန် တိုင်းရင်းသားတွေနဲ့ ပင်လုံစာချုပ် ချုပ်ဆိုဖို့ ကြိုးစားခဲ့တဲ့အချိန်မှာလည်း သူဟာ ဘုရင်ခံ မဟုတ်သလို ပင်လုံညီလာခံမှာဆိုရင် ဧည့်သည်အဖြစ်သာ ဖိတ်ကြားခံရပြီး တိုင်းရင်းသားတွေရဲ့ ထောက်ခမှုကို ရယူသွားနိုင်ကာ အင်္ဂလိပ်ဆီကနေ တောင်တန်းပြည်မ မခွဲခြားပဲ လွတ်လပ်ရေး အရယူနိုင်ခဲ့တာဖြစ်ပါတယ် ။
သေချာတာကတော့ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီမှာ ရေတို ရေရှည် လမ်းပြ မြေပုံရှိဖို့ လိုအပ်နေပါပြီ ။ အခုဆိုရင်ပဲ လာမဲ့ အစိုးရလက်ထက်မှာ တိုင်းရင်းသားအရေးက ပိုမိုရှုပ် ထွေးလာမဲ့ အခြေနေမှာလည်း ရှိနေပါတယ် ။ အခု ရခိုင်ပါတီနဲ့ အန်အယ်လ်ဒီကိစ္စ ( ရခိုင်ပါတီက အန်အယ်လ်ဒီကို အတိုက်အခံ လုပ်မယ်ဆိုတဲ့ကိစ္စ ) ကို ကြည့်မလား ( ဗမာနဲ့ တိုင်းရင်းသား အသွင်ဆောင် ) ၊ သျှမ်းတပ်မတော် တောင်ပိုင်း RCSS/SSA နဲ့ တအာင်းပလောင် TNLA ကိစ္စကို ကြည့်မလား ၊ ဒါမှမဟုတ် သျှမ်းနီနဲ့ ကချင်ကိစ္စကို ကြည့်မလား ရှုပ်ထွေးလာနိုင်စရာတွေ တန်းစီနေပါတယ် ။ တစ်ခါတစ်လေမှာ မြန်မာခေါင်းဆောင်တွေရဲ့ အမြင်မကျယ်မှုကြောင့် တိုင်းရင်းသားတွေက အပေါင်းသင်းမှားသွားတတ်တာတွေလည်း ရှိနေပါတယ် ။ ဥပမာ အားဖြင့် PNO ပအိုဝ်းတွေဆိုရင် စစ်အုပ်စုနဲ့ပဲ ပေါင်းတော့သလို ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးခဲ့တာကြောင့် ကိုးကန့်တို့ ၀ တို့ကလည်း ဗကပ ကနေခွဲထွက်ပြီး ဗိုလ်ချုပ်ခင်ညွှန့်နဲ့ ပေါင်းသလိုပါ။ အခု သျှမ်းတပ်မတော် တောင်ပိုင်းကလည်း တပ်နဲ့ပေါင်းသလို ဖြစ်လာတာ ၊ မျိုးနွယ်စုတွေအကြား လူမျိုးရေးပြသနာ အသွင်ဆောင်ဖို့ ဟန်ပြင်နေတာတွေက မဂျော်ရတီဖြစ်တဲ့ ဗမာခေါင်းဆောင်တွေ ( သို့မဟုတ်) အားလုံး လက်ခံထားတဲ့ လူထုခေါင်းဆောင် ဆိုသူမှာ တာဝန်ရှိပါတယ် ။
သေချာတာကတော့ အန်အယ်လ်ဒီမှာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ရေတို ရေရှည်ကာလအတွက တိကျတဲ့ လမ်းပြမြေပုံတွေ ၊ အစီစဉ်တွေ ရှိဖို့ လိုနေပြီဆိုတာပါပဲ ။ ကတိတွေ ခဏခဏပေး ပြီးရင် ပေါက်ကရလုပ်ဆိုင်ရင်လည်း အန်အယ်လ်ဒီအတွက် ကောင်းမှာ မဟုတ်ပါဘူး ။ ၁၉၉၀ ခုနစ် ၀န်းကျင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်းသားတွေအတွက် အမျိုးသားညီလာခံကျမှ အများက ဆုံးဖြတ်တဲ့ မူအတိုင်းဆိုပြီး မယောင်ရာ ဆီလူး ပြောဆိုခဲ့ဖူးတဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ပင်လုံစာချုပ် ပေါ်ပေါက်လာရေးအတွက် ပူးပေါင်းလှုပ်ရှားခဲ့ဖူးပြီး ၊ ဖက်ဒရယ် သျှမ်းမူကို ရေးဆွဲခဲ့တဲ့ ဦးထွန်းမြင့် ( ထွန်းမြင့်ကလေး ၊ တောင်ကြီး ) က သမိုင်းဝင် ပေးစာကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပေးခဲ့ဖူးပါတယ် ။
အဲဒီစာရဲ့ အောက်ဆုံး အပိုဒ်နားမှာ ‘ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်တော်တို့ လေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်တဲ့အတိုင်း ဗိုလ်ချုပ်နဲ့ပတ်သက်ရင် ကွှန်တော်တို့ထက် အများကြီးပိုသိပါတယ် ။ ဒါပေမဲ့ ပညာရှိသတိ ဖြစ်ခဲ့ မဖြစ်စေချင်ပါ ။ ဗိုလ်ချုပ်အောင်ဆန်းက ( A Leader must Lead ) ခေါင်းဆောင်တယောက်ဟာ ခေါင်းဆောင်ရမယ် လို့ မိန့်ကြားခဲ့ပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ မြန်မာနိုင်ငံရဲ့ အမျိုးသားနိုင်ငံရေးမှာ ဖခင်ရဲ့ ခြေရာကိုနင်းပြီး ခေါင်းဆောင်အဖြစ် တာဝန်ထမ်းနေသူဖြစ်ပါတယ်။ ဖခင်ကြီးမိန့်ကြားခဲသလို ရဲရဲဝံ့ဝံ့ခေါင်းဆောင် ပြစေချင်ပါတယ်။ အမျိုးသားညီလာခံကျမှ အများဆုံးဖြတ်တဲ့ မူကို လက်ခံမယ်ဆိုတာ နောက်မြီးဆွဲဝါဒမျိုးကို စွန့်လွတ်ဖို့ ကျွန်တော် လေးစားစွာ တောင်းပန်ပါတယ် ။ ‘ လို့ ပါရှိပါတယ် ။
ကိုးကား - ဦးထွန်းမြင့် ( တောင်ကြီး ) ဖက်ဒရယ်မူဆိုတာဘာလဲ
နိုင်ငံရေးသိပ္ပံသမား ဦးမင်းဇင်နဲ့အင်တာဗျုး ( ယနေ့ခေတ် - ဇန်နဝါရီလထုတ် )
ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်
Tags: Feature

