စစ်ဘေးရှောင် သီပေါလူထု ရွာတွင်ကျန်ခဲ့သည့်ပစ္စည်းများ ခိုးဖောက်ခံရ



မလဆန်းက သျှမ်းပြည်တိုးတက်ရေးပါတီအား အစိုးရတပ်မတော်မှထိုးစစ်ဆင်တိုက်ခဲ့မှုကြောင့် သီပေါမြို့နယ်အတွင်း ရွာပေါင်း ၉ ရွာမှ ရွာသားများ စစ်ဘေးရှောင်နေရပါသည် ။


သီပေါမြို့နယ်ရှိဘုန်းကြီးကျောင်းများတွင် ရောက်ရှိနေသော စစ်ဘေးရှောင်လူထု ၁၀၀၀ ကျော်မှာ ရပ်ရွာတွင်ကျန်ရစ်ခဲ့သော အိမ်မွေးတိရစ္ဆာန်များနှင့် ပစ္စည်းအသုံးအဆောင်အစားအသောက်များ ဖမ်းဆီးသတ်ဖြတ် ၊ ဖောက်ထွင်းခိုးယူခြင်းခံရကြောင်း ဒေသခံများကပြောသည် ။


“ ဘုန်းကြီးကျောင်းရောက်တာဘယ်လောက်မှမကြာသေးဘူး။  အခြေအနေပြန်သွားကြည့်တော့ အိမ်တွေဖောက်ခံရတယ် ။ ကျွဲနွားတွေ သတ်ဖြတ်စားသောက်တာခံရတယ် ။ ကျန်နေခဲ့တဲ့ ပစ္စည်း တွေ လယ်ယာသုံးကိရိယာ တွေ ကို အလကားယူသွားတယ် ။ ယူသွားလို့မရ တဲ့ဟာဆိုရင်တော့ ရိုက်ခွဲပစ်လိုက်တယ် ။ လယ်ထွန်စက် ၊ ဆိုင်ကယ် ၊ စက်ဘီးတွေပေါ့ ။ နောက်ပြီး ကုန်စုံဆိုင်တွေရိုက်ခွဲ ၊ ပစ္စည်းတွေကိုဖျက်ဆီးခံရတယ် ။ ရွာနဲ့အနီးတဝိုက်မှာ အစိုးရစစ်ကြောင်းကလှုပ်ရှားနေတယ် ”- စစ်ဘေးရှောင် ဒေသခံ စိုင်းဆမ် ကပြောသည် ။


သီပေါမြို့က မြို့ဟောင်းဘုန်ကြီးကျောင်းတွင်စစ်ဘေးရှောင်ဦးရေ ၃၀၄ ဦး၊ ဘိုးတော်ကျောင်းတိုက်က ၂၈၆ ဦး ၊ ရွှေကျင်ကျောင်းတိုက်က ၁၇၉ ဦး ၊ စန္တိရာမာကျောင်းတိုက်တွင် သံဃာတော် ၉၆ ပါး တို့ စစ်ဘေးရှောင်နေရပြီး ခုချိန်တိုင် လုံခြုံရေးကြောင့် နေရပ်မပြန်ရဲသေး ကြောင်း စစ်ပြေးရှောင် ဒုက္ခသည်တဦးကပြောသည် ။


စစ်ဘေးရှောင်များမှာ စစ်ဘေးဒဏ်ခံရသော နမ့်မ မောက်တောင်းအုပ်စုအတွင်းနှင့် ပတ်ဝန်းကျင်ရွာမှ ရွာသားများဖြစ်ကြောင်းသိရသည် ။ တအိမ် ကျပ်သိန်း ၁၀၀ နဲ့အထက်မှာရှိတယ်ဆုံးရှုံးမှုက - ဟု ဆုံးရှုံးမှုနှင့်ကြုံရသည့်ဒေသခံ စိုင်းနောင့်ကပြောသည် ။


ရွာသားစိုင်းပေတိကမူ - “ အခုကလေးတွေကျောင်းအပ်ချိန်ရောက်ပြီလေ ။ ကျနော့်ကလေးက အကြီးတယောက်က လားရှိုးမှာကျောင်းသွားတက်တယ် ။ တယောက်က မောက်တောင်းမှာတက်တယ်။ ဒီနှစ် ကျနော်တို့စစ်ဘေးကြုံရတဲ့အပြင် နေအိမ်အဖောက်ခံရတယ် ။ ပစ္စည်းတွေ ခိုးခံရတယ် ။ ခုကျနော့မှာပိုက်ဆံလည်းမရှိတော့ဘူး ။ သား ၂ ယောက်ကိုကျောင်းပို့ဖို့လည်းပိုက်ဆံမရှိဘူး။ အရင်းအနှီးလုပ်ဖို့လည်းပိုက်ဆံမရှိတော့ဘူး ”- ဟု ရွာသားစိုင်းပေတိကပြောသည် ။


“ တိုက်ပွဲတွေရပ်ဖို့တောင်းချင်တယ်။ အခုလည်း လယ်သမားတွေ လယ်ယာပြန်ဆင်းရမယ့် အချိန်ရောက်နေပြီ။ တိုက်ပွဲတွေဆက်ဖြစ်နေရင် အလုပ်အကိုင်ပျက်တယ် ။ လူထုဘ၀ပျက်တယ် ။ အဖမ်းခံရ အသတ်ခံရတယ်။ ဒါကြောင့်တိုက်ပွဲများရပ်ပေးပါ ။ ကျနော်တို့ အိမ်ပြန်ချင်ပါတယ် ” - ဟု သီပေါမြို့ဟောင်းဘုန်းကြီးကျောင်းရောက်စစ်ဘေးရှောင် လယ်သမား လုံးစိုင်းကပြောသည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်သည်အစိုးရနှင့် ၂၀၁၂ ခုနှစ်ကတည်းက ပြည်ထောင်စုအဆင့် ပြည်နယ်အဆင့် အပစ်ရပ်သဘောတူထားသည့်တပ်ဖွဲ့ဖြစ်သည် ။ သို့သော် အပစ်ရပ်ပြီးနောက်ပိုင်းတွင်လည်း နယ်မြေရှင်းလင်းရေးဟုဆိုကာ အစိုးရတပ်မတော်သည်အင်အား သုံးကာ ထိုးစစ်ဆင်လာခဲ့သည်မှာ တိုက်ပွဲပေါင်း ၁၀၀ ထက်မနည်းရှိပြီဖြစ်ကြောင်းသိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates