ပြည်သူ့စစ်နဲ့ လူထုရဲ့အဖြစ်



သို့- သျှမ်းသံတော်ဆင့်

ဒီနှစ် လဲချားမြို့နယ် ဝမ်ပန်ကျေးရွာအုပ်စုရဲ့ နွေရာသီ သျှမ်းစာပေ ယဉ်ကျေးမှုရဲ့သင်တန်းဆင်း ပွဲတုန်းက ပြသနာစဖြစ်ပါတယ် ။ (ရက်အတိအကျတော့မမှတ်မိတော့ပါ)


မန်ပန် ပြည်သူ့စစ်တွေ ထိန်းချုပ်တဲ့ ဒေသမှာဖြစ်ပွါးတာပါ ။ ဝမ်ပန်ကျေး ရွာအုပ်စု ၊ တက်မောက်ကျေးရွာအုပ်စု ၊ ဝမ်ထီကျေးရွာအုပ်စု ၊ နမ်လေကျေးရွာအုပ်စုက ကျေးလက်ရွာသားတွေ ဒီပြည်သူ့စစ်ရဲ့ ဒဏ်ကို အလူးအလိမ့် ခံနေရပါတယ် ။


သျှမ်းစာသင်တန်းဆင်းပွဲလုပ်တုန်းက လမ်းခင်းနေတဲ့ အလုပ်သမား (အောက်ပြည်အောက်ရွာဘက်ကလာတဲ့ ဗမာလူမျိုး ကောင်လေးတွေ)  တွေက လူငယ်တို့သဘာဝ သင်တန်းဆင်းပွဲကပြန်လာတဲ့ ရွာမိန်းခလေးတွေကို စနောက်ရာကနေ စပါတယ် ။ အဲဒါကိုဒေသခံရွာကာလသားတွေက မခံချင်လို့ တယောက်တခွန်းနဲ့ ကတောက်ကဆ ဖြစ်ကြပါလေရော ။


လူငယ်တို့သဘာဝ တယောက်တခွန်းအခင်းများရာကနေ ခဲ့နဲ့ပေါက်ကြတယ် ။ ဒါပေမယ့်ဘာမှ ထိခိုက်မှု မဖြစ်ပါဘူး ။ အက်တာကို ပြည်သူ့စစ်ဘက်က သူတို့ရဲ့လူ လမ်းခင်းလုပ်သားတွေကို ရွာသားတွေက အနိုင်ကျင့်တယ်ဆိုပြီး ရွာလူကြီး ဦးပန်စိတ ကို ပြသနာရှာပါတော့တယ် ။ အုပ်ချုပ်ရေးမှူးက အိမ်မှာမနေတော့ ပြည်သူ့စစ်အဖွဲ့ရဲ့ ခေါင်းဆောင် စိုင်းထွယ့်က သူကြီးအိမ်ရှေ့မှာသေနတ် ၁၀ ချက် လာပစ်တယ် ။ ဦးပန်စိတ လည်း ကြောက်လန့်ပြီး တိမ်းရှောင်ခဲ့ရတယ် ။


ပြည်သူ့စစ်ဘက်က ရွာသားတွေကို ခေါ်ပြီး အဲဒီနေ့မှာအစည်းအဝေးခေါ်ပါတယ် ။ သေနတ်ကြီးတွေ မောင်းတင်ပြီးတော့ အစည်းအဝေးလုပ်တာ ။ ရွာသားတွေက ဘာလက်နက်မှမရှိဘူးဗျာ ။ အဲလိုမလုပ်သင့်ပါဘူး ။


လက်နက်ရှိတိုင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ဆေးကြောင်ပြီးရွာထဲလှည့် သေနတ်ပစ်တာလည်း မကြာခဏ ဖြစ်ဖူး ကြုံဖူးတယ် ။ သူတို့ကို ဒီတိုင်းလွှတ်ထားတော့မှာလား ။ တရားဥပဒေ စိုးမိုးဖို့ ကျနော်တို့သျှမ်းပြည်မှာ မရှိတော့ဘူးလား ။


လွှတ်တော်ထဲရောက်နေသူတွေအခက်တွေ့အောင် အစိုးရတပ်က လူမိုက်မွေးထားတာလားလို့တောင်  တွေးချင်စရာဗျာ။ စိတ်ညစ်ရပါတယ် ။

လဲချားဒေသခံတဦး
စိုင်းခမ်းထူး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates