ပင်လုံခရီးသည်
Audio File ကိုအောက်ပါလင့်တွင် နားဆင်နိုင်ပါသည်။
http://vansangva.com/category/audio/
ကျွန်တော်တို့ နိုင်ငံ ရဲ့မြေပုံကိုကြည့်ရင် လှတာကတော့မပြော နဲ့ ဘယ်နိုင်ငံနဲ့ မှမတူဘူး။ တမူထူးခြားစွာကို လှတယ်လို့ဆိုရမှာပဲ။
ဒါတင်ပဲလား။ နိုင်ငံရဲ့မြေပုံ ကိုအသေအခြာကြည့်လိုက်စမ်းပါ။ အထက်ကနေအောက်ဖက် ကို မြောက်ဖက်ကနေ တောင်ဖက်ကို စီးဆင်း နေတဲ့ ဧရာဝတီမြစ် နဲ့ ချင်းတွင်းမြစ် မြစ်ညီနောင် နှစ်သွယ် ကိုကြည့်လိုက်ရုံ နဲ့ ဒီ နိုင်ငံဟာ စားနပ်ရိက္ခာ နဲ့ သားငါးအင်မတန် ပေါကြွယ်ဝတဲ့ အပြင် ပိုလျှံ ပြီး ပြည်သူတွေက ဝဝလင်လင် ဖူဖူလုံလုံ နဲ့ စားသောက်နိုင်ကြပြီး အိမ်နီးနားချင်းတွေကိုရော ကမ္ဘာအနှံ့ကိုပါ လယ်ယာထွက်ပစ္စည်း တွေ အလျှံပယ် တင်ပို့ နိုင်လို့ အင်မတန် မှ ချမ်းသာတဲ့ နိုင်ငံဖြစ်ရမယ် လို့ အပိုင်ပေါက် ပြောနိုင်ပါတယ်။
ဒါတင်ပဲလား။ မကသေးပါဘူး။ နိုင်ငံရဲ့ အနောက်ဖက်ခြမ်း၊ မြောက်ဖက်ခြမ်း နဲ့ အရှေ့ဖက်ခြမ်း တခုလုံး ကို လှပပြီး မြင့်မားတဲ့ တောင် ကပါးကြီး တွေ က ကာရံထားလိုက်သေးတယ်။ ကျူးကျော် လာမဲ့ ပြည်ပရန် ကိုကာကွယ်ဖို့ သဘာဝ တရားကြီး က အခိုင်အမာ တန်တိုင်းကြီးတွေနဲ့ ကို ကာစီးပေးထားလိုက်သေးတယ်လေ။ ကြည့်စမ်း ဘယ်လောက် လုံခြုံတဲ့ နိုင်ငံကြီးလဲ။
ဒါတင်ပဲလား။ ဘယ်ကမှာတုံး။ အဲဒီတောင်တန်းတွေပေါ်မှာ အေးအေးလူလူ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတဲ့ တောင်ပေါ်သားတွေ နေထိုင်ကြပြန်တယ်။ ဒီတောင်ပေါ်သား တွေ က သူတို့ ရဲ့ ဘာသာစကား၊ သူတို့ ရဲ့ယဉ်ကျေးမှု၊ သူတို့ရဲ့ဒေသပြည်တွေ ကို နှစ်နှစ်ကာကာ ချစ်ကြတာ။
နောက်ထပ် ဘာရှိသေးလဲ။ အဲ ….. အဲဒီတောင်တန်းတွေပေါ်မှာ တိုင်းပြည်အတွက် အဖိုးမဖြတ် နိုင်တဲ့ ကျောက်မျက်ရတနာတွေ သယံဇာတ တွေ အဘိုးတန် သစ်ပင် ပန်းမာလာတွေကလည်း စုံသလားမမေးနဲ့။ ဒီနိုင်ငံမှ မချမ်းသာရင် ကမ္ဘာ မှာ ဘယ်နိုင်ငံချမ်းသာတော့ မှာ တုံးလို့တောင်မေး ရတော့မလိုပါပဲ။
ဟောတခါ၊ အောက်ပိုင်းကိုလဲကြည့် လိုက်ကြပါအုံး။ ပင်လယ်သမုဒယာ က ပြည်ပရန် ကို ကာဆီးပေးထားရုံ မက သူ့ရဲ့ ထွက်ကုန်တွေ ကို ကမ္ဘာ ကိုတင်ပို့ဖို့ တခါးကြီးဖွင့်ပေး ထားပြန်သေးတယ်။ ကောင်းလိုက်တဲ့ တိုင်းပြည်ဗျာ။ ဘုရားသခင်ရဲ့ ကောင်းချီး အဖြာဖြာ နဲ့ ပြည့်စုံတဲ့ နိုင်ငံတခုပေပဲ။ အိမ်နီးချင်း တွေ က မနာလိုဝန်တိုစရာ ကောင်းလှတဲ့ နိုင်ငံပဲဟေ့။
ပြီးတော့ ပိုပြီးတောင်မနာလိုစရကောင်းတာက ဒီနိုင်ငံမှာ ကမ္ဘာပေါ်မှာ အနှစ် တထောင်မှာမှ တယောက်လောက် နိုင်ငံသား ပြည်သူတွေ ကံကောင်းထောက်မ ပါ မှ ပေါ်ထွန်းလေ့ရှိတဲ့ အမျှော်အမြင် ကြီးမားတဲ့ ခေါင်းဆောင်တယောက်လည်း ပေါ်ထွန်းခဲ့ဘူးသေးတယ်ဗျ။ သူကတော့ အညာသာလေး ကိုအောင်ဆန်းပါ။ သူ့ ကို ပြည်သူတွေက ဗိုလ်ချုပ်အောင်ဆန်းလို့ ချစ်စနိုး ခေါ်ကြတယ်။ ဗိုလ်ချုပ် လို့အဖျားလေးဆွတ်ပြီးလည်းခေါ်ကြတယ်။
ဒီခေါင်းဆောင်က ဘယ်လောက် အမျှော်အမြင်ကြီးသလဲ ဆိုတာကြည့်ရအောင်။ ပင်လုံ ဆိုတဲ့ မြို့လေးတခု မှာ သူ က တေင်ပေါ်သား တွေနဲ့ပေါင်းပြီး ဒီနိုင်ငံကြီး ကို ရာသက်ပန် ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီး အဖြစ်ထူထောင် ပေးခဲ့တယ်။ သူကိုယ်တိုင် ကလည်း အဲဒီပြည်ထောင်စု နိုင်ငံသစ်ရဲ့ ပြည်ထောင်စုသားကြီး ဘဝကို ဦးဦးဖျားဖျား ခံယူခဲ့တယ် …..
ဒီတော့ ပြည်ထောင်စုသား ပြည်သူအားလုံး ကလည်းသူ့ကိုချစ်ကြတာပေါ့။
ကြည့်စမ်း နိုင်ငံရဲ့သဘာဝရေမြေတောတောင်တွေ ကကို တော်တော်ကြီး မနာလို စရာ ကောင်းလောက်အောင်ဖြစ်နေပြီ … ဒီကြားထဲ ပြည်သူတရပ်လုံး ချစ်ခင် လေးစား တဲ့ ခေါင်းဆောင်ကောင်းတ ယောက်ကိုပါ ဒီ နိုင်ငံကြီးကမွေးဖွား ပေးလိုက် သေးတာ။
ဒါပေမဲ့ ဒါပေမဲ့ .… ဒီခေါင်းဆောင်ကြီး ကိုသတ်သူကသတ်သွားကြတယ်။ သူမက်ခဲ့တဲ့ ပင်လုံ အိပ်မက် ကိုပါ ဖျက်ဆီးသူကဖျက်ဆီးသွားခဲ့တယ်။ သူထူထောင်ခဲ့တဲ့ ပင်လုံပြည်ထောင်စုကြီး လည်း အဖြိုလှဲ အဖျက်စီး ခံခဲ့ရတယ်။ တိုင်းပြည်ကို ကာရံပြီး အကာအကွယ်ပေးထား တဲ့တောင်တန်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ မြစ်ကြီးတွေ လည်း တိမ်ကောလုမတတ် အဖျက်ဆီး ခံခဲ့ကြရတယ်။
တချိန်က လှပတဲ့တောင်ပြာတန်း တွေ ဟာလည်းမီး တွေ တဟုန်းဟုန် တမြှိက်မြှိက် လောင်ကျွမ်းနေလေရဲ့။
တချိန်က ရွှေဝါရောင်ဝင်းနေခဲ့တဲ့ အလည်ကျောက လယ်တောတွေ လည်းခြောက်သွေ့ ကုန်ပြီ။
စစ်မီးတွေ ဟုန်းဟုန်းတောက်လောင်နေတာလည်း အနှစ် (၆ဝ) ကျော်ခဲ့ပြီ။ ဟိုက် အနှစ် ခြောက်ဆယ်ကျော်ကြီးများ တောင် လားလို့လာမမေးနဲ့။ (၁ဝ) နှစ်မဟုတ်ဘူး၊ ဒီစစ်ပွဲကြီး က၊ အနှစ် (၂ဝ) မကဘူး၊ အနှစ် (၃ဝ) လည်းမရပ်သေးဘူး၊ ရပ်ကြရအောင်လို့ မပြောသေးဘူး၊ ဆက်ပြီးလောင်နေသေးတယ် ဒီစစ်မီး က။ အနှစ် (၄ဝ) ဟော အနှစ် (၅ဝ) ကျော်လာပြီ၊ မရပ်သေးဘူးခင်ဗျ၊ လောင်ကောင်းတုံး။ အခုလည်းကြည့် အနှစ် (၆ဝ) ကျော် လာပြီ နှစ်တွေနှစ်တွေ ရေတွက်လာ ကြတာ၊ ရပ်သွားပြီလား ဒီစစ်ကြီး က။ မရပ်သေဘူးဗျို့။ တိုက်ကြတုံးခိုက်ကြတုံး။ လောင်လိုက်တဲ့စစ်မီး လောင်တုံး မြှိက်ကောင်းတုံးပ။ တိုင်းပြည်လည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစရင်းဝင်တဲ့၊ အံ့ပဗျာ… အံ့ပ။
ကဲကဲကဲ… အညာသားလေး ကိုအောင်ဆန်း ဘာတွေတွေးခဲ့သလဲ၊ ပြန်ကြည့်ရအောင်၊ သူကိုယ်တိုင် ငြိမ်းငြိမ်းချမ်းချမ်း ထူထောင်ပြီး လပိုင်းအတွင်း ပြိုလဲပျက်စီးသွား ခဲ့တဲ့ ပင်လုံပြည်ထောင်စုကြီး ကိုပြန်ကြည့်ရအောင်။ ပြည်သူတွေအားလုံး အတွက် ပင်လုံ လမ်းကလွဲ လို့ လျောက်လှမ်းရမဲ့ လမ်းမရှိတော့ဘူး။ လမ်းပေါင်းစုံပြီ လျောက်ခဲ့ကြတာ။ ပင်လုံခရီး ကိုပြန်သွားကြရအောင်ပါ။
ပင်လုံ ကို ရဲရဲကြည့်ကြစမ်းပါ။ ကိုအောင်ဆန်းရဲ့ ပင်လုံ အတွေးကိုရဲရဲတွေးကြပါ။ ငြိမ်းချမ်းသောပြည်ထောင်စု ဟာပင်လုံ မှာပဲရှိတယ်။ ဘယ်မှာ မှ သွားရှာမနေကြနဲ့။
ပင်လုံ ကိုပြန်သွားကြမယ်ဆိုတာ အတိတ်ကိုပြန်သွားဖို့ပြောနေတာမဟုတ်ဘူး။ အနာဂတ် ကိုသွားဖို့ပြောနေတာ။ ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့ ပင်လုံပြည်ထောင်စု ကိုပြန်ထူထောင်ဖို့ပြောနေတာ။
ဘာတုံး ဗိုလ်ချုပ်ထူထောင်ချင်တဲ့ ဗိုလ်ချုပ် မျှော်မှန်းခဲ့တဲ့ ပင်လုံပြည်ထောင်စု ဆိုတာ။ ဘယ်လိုပုံစံမျိုးလဲ။ အသေအခြာကြည့် ရင် ရဲရဲ ကြည့် ရင် မြင်ရမှာ ဖြစ်တယ်။ ရဲရဲ ကြည့် ဖို့ ပြောရတာက တချို့ ကြောက်နေကြလို့ပြောရ တာ။ ခြောက်တဲ့သူကခြောက်တော့ ကြောက်တတ်သူ ကလည်းကြောက် တာပေါ့။ ဒီတော့ အဲဒီ ပင်လုံပြည်ထောင်စုကြီး ကို ရဲရဲကြည့် ကြရအောင်။ မြင်မှ၊ သိမှ ယုံကြည်မှပဲ ပင်လုံ ခရီး ကို ဖြောင်းဖြောင့် ကြီးပြန်လျောက် နိုင်ကြမှာ မဟုတ်လား။
ပင်လုံ ရယ်…….
ဒီမိုကရေစီရယ် ……
ဖက်ဒရယ် ပြည်ထောင်စုရယ်…….
ငြိမ်းချမ်းရေး ရယ် …….
ဒီလေး ခုစလုံးဟာ တခု နဲ့ တခု ဘယ်လိုမှ ခွဲခြားလို့ မရဘူး ဆိုတာ မှန်ကန် သောသစ္စာတရားတခုပါ။ ပင်လုံ ခရီးဆိုတာ ငြိမ်းချမ်းသောခရီး ပါ၊ ပြည်သူတွေ ကိုချောက်ကြီးထဲပို့မဲ့ခရီးမဟုတ်ပါဘူး။ ကျွန်တော်တို့ လူမျိုး ပေါင်းစုံ ပြည်သူတွေအားလုံး ချစ်ချစ်ခင်ခင် နဲ့ လက်တွဲပြီး ဒီ ငြိမ်းချမ်းသော ပင်လုံခရီး ကိုပြန်လျောက်လှမ်းကြရအောင်ပါ။
နောက် အပတ် မှာ ပင်လုံ ပြည်ထောင် စုရဲ့ အခြေခံအုတ်မြစ် တွေကို ရဲရဲကြီးကြည့် ရင်း ပင်လုံ ခရီး သည်တွေ မကြာတော့တဲ့ အနာဂတ်မှာ မြင်တွေ့ကြရမဲ့ ပင်လုံ ဆိုတဲ့ ငြိမ်းချမ်းရေးပန်းတိုင် ဆီ ကို အတူ တကွ ဆက်လက်လျောက်ကြသေးတာပေါ့။
Download PDF file : Posting 1 of Panglong Journey
https://youtu.be/ZuNouywjsz4?list=PLgV_wYfwulD7iUiYDCzD5hhXBQt3MApoe

Tags: Opinion