လားရှိုးမြို့နယ် ကန်မိန်းကျောင်းထိုင်ဆရာတော်၏ကြွင်းကျန်ရုပ်ကလပ်အား ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မီးသဂြိုဟ်မည်
နိုင်ငံတော် ဩဝါဒစရိယ၊ သံဃာ့မဟာနာယက၊ သံဃာ့မဟာထေရ ၊ အဂ္ဂမဟာပန္တိတ၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိက သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကန်မိန်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးမုနိန္ဒ ၏ ကြွင်းကျန်ရုပ်ကလပ်တော်အား ယခုအပတ်သောကြာနေ့တွင် သဂြိုဟ်မည်ဖြစ်ကြောင်းသိရသည် ။
ဆရာတော်၏ရုပ်ကလပ်အား မီးသဂြိုဟ်ရန်ပြင်ဆင်နေမှုအားတွေ့ရစဉ် ဓါတ်ပုံ- Usaisan Min |
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ တွင် တပည့်ဒကာများက ဆရာတော်၏ ကြွင်းကျန်ရုပ် အလောင်းအား လားရှိုးအရှေ့မြောက်ဘက် မိုင်းယော်အသွားလမ်းရှိ ကောင်းမတ်ကျိုင် - (တာ့ပုံ) သုဿာန်တွင် မီးသဂြိုဟ် မည်ဖြစ်ကြောင်းတပည့်တော်တပါးဖြစ်သည့် အရှင်ဩဘာသက မိန့်တော်မူသည် ။
“ ပြည်တွင်းပြည်ပ ရပ်နီးရပ်ဝေးက ဆရာတော်ရဲ့ ဒကာ တပည့်တွေ လာပြီးလှူဒါန်းကြတယ်။ ပွဲကတော့ ကန်မိန်းကျောင်းတိုက်မှာဘဲ။ ဆရာတော်ပျံလွန်ပြီးတာနဲ့ နေ့နေ့ညည ပေစာဟောတယ်။ တရားတွေနာတယ်။ မုန့်ဈေးတန်းတွေဘာတွေနဲ့စည်နေတာဘဲ။ မိုင်းဖုန်းဆရာတော်ဘုရားလည်း ကြွချီလာပါတယ်။ ဆရာတော် ရဲ့ကြွင်းကျန်တဲ့ရုပ်ကလပ်ကို လာပြီး ဂါရ၀ပြု ကန်တော့ပါတယ်။ ၇ ရက်နဲ့ ၈ ရက်နေ့တုန်းက။ ပရိသတ် ကို လည်း တရားတွေဟောပါတယ်။” - ဟု အရှင်ဩဘာသက မိန့်တော်မူပါသည် ။
ကန်မိန်းကျောင်းတိုက် ဆရာတော် ဦးမုနိန္ဒသက်တော် ၈၆ ဝါတော် ၆၆ ဝါသည် သက်ကြီးရောဂါဖြင့် ၂၀၁၆ ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ က ဘ၀နတ်ထံပျံလွန်တော်မူခဲ့သည် ။
ဆရာတော် ဦးမုနိန္ဒသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟတ်ကာကျေးရွာတွင် ခမည်းတော် ပူလွယ် ဆိုင်ဇင့်ဇမ်နှင့် မယ်တော် အောက်လွယ်ဆွယ့်ငင်းဆိုင်တို့မှ ကောဇာသက္ကရာဇ် ၁၃၀၇ ခု က ဖွားမြင်ပါသည်။ ဆရာတော်သည် ငယ်ဖြူတပါးဖြစ်ပြီး ဆည်းပူးခဲ့ရသော ပညာရပ်များကို ဆရာစားမချန်ဘဲ တပည့်တပန်း များ ကို ပြန်လည်မျှဝေပေးခဲ့သည်။ ဆရာတော်သည် ၂၀၁၆ ကလည်း လူငယ်လေးများအတွက် တနင်္ဂနွေ နေ့တိုင်း ဓမ္မစကူးဖွင့်လှစ်ပေးခဲ့သည်။ နှစ်ပေါင်း ၅၀ အတွင်း နှစ်စဉ်နှစ်တိုင်း ဝါတွင်း တပည့်ရဟန်း တနှစ် အပါး ၁၀၀ ထက်မနည်း ရှိကြောင်း၊ ဆရာတော်၏ တပည့်ရဟန်များအနက် သျှမ်းပြည်တွင်း ဒေသအသီးသီး ရှိ ကျောင်းပေါင်း ၂၀ ကျော်တွင် ကျောင်းထိုင်ဆရာတော်အဖြစ် တာဝန်ထမ်းဆောင်နေကြောင်းသိရပါသည် ။
ဆရာတော်၏ သာသနာတော်ပျံ့ပွါးရေးကြိုးပမ်းမှုကြောင့် နိုင်ငံတော်အဆင့်ဂုဏ်ပုဒ်များ၊ ဘွဲ့တော်များ သာမက ဒေသအတွင်း ဒါယိကာ ဒါယိကာမ များ တပည့်တပန်း ရဟန်းများထံမှ ကြည်ညိုလေးစားမှ အစဉ်အမြဲရရှိသည့် ဆရာတော်တပါးဖြစ်သည် ။
Tags: Culture, News