KIA ကို တိုက်ခိုက်ရန် ဒေါ်အောင်ဆန်းစုကြည် ခွင့်ပြုဟု ဘန်ကောက်ပိုစ့် သတင်းတွင်ဖော်ပြ
နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်အတွက် ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်အား ဖိအားပေးတိုက်ခိုက်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ခွင့်ပြုခဲ့သည်ဟု ဘန်ကောက်ပိုစ့် သတင်းတရပ်တွင် ဖော်ပြထားသည် ။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ်ပြန်သည့် ဘန်ကောက်ပို့စ်သတင်းစာမျက်နှာတွင် ဆောင်းပါးရှင် လာရီဂျာဂင်၏ Suu Kyi; General try to heal difference အမည်ရ အမြင်သဘောထား ဆောင်းပါးတွင် “အောက်တိုဘာလအထိ တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး တပ်မတော်မှ သတင်းအချက်အလက်အချို့ကို ဒေါ်အောင်ဆန်းစုကြည်ထံ ပုံမှန်တင်ပြမှု ရှိခဲ့သည်” ဟု ဖော်ပြထားသည် ။
ယင်းနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ခွင့်ပြုမိန့်ကို ကာကွယ်ရေးဝန်ကြီးက ရရှိခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ တပ်မတော် အရာရှိဟောင်းအချို့နှင့် တပ်မတော်နှင့် နီးစပ်သော သတင်းအရင်း အမြစ် များ၏ ပြောဆိုချက်ကို ကိုးကား၍ ဖော်ပြထားသော အဆိုပါ ဆောင်းပါးနှင့် ပတ်သက်၍ အစိုးရဘက်မှ တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိသေးပေ ။
‘ ဒီသတင်းက အတည်ပြုလို့ မရသလို အစိုးရဘက်ကလည်း ငြင်းတာ မတွေ့ရသေးဘူး။ အဖြစ်မှန်ဆိုရင် တော့ တော်တော်ဆိုးဝါးတဲ့ ကိစ္စလို့ ပြောချင်တယ်။ ‘ ဟု သျှမ်းပြည်တွင်း အရေးများကို လေ့လာ စောင့်ကြည့် နေသူ ကိုထွန်း ( မိုင်းဖြတ် ) က ပြောသည် ။
အာဏာရှင်များကို စောင့်ကြည့်လေ့လာနေသူ ရိုလန်ဝေါ့ဆင်ကလည်း ယင်းသတင်းသာ အတည်ဖြစ်ပါက ဒေါ်အောင်ဆန်းစုကြည်မှာ အာဏာရှင်တစ်ပိုင်း ဖြစ်လာပြီဖြစ်ပြီး ဗမာလူမျိုးကြီးဝါဒကို အကောင်အထည် ဖော်နေသူအဖြစ် မှတ်ယူရမည်ဖြစ်ကြောင်း မှတ်ချက်ပြုသည် ။
အောက်တိုဘာလနောက်ပိုင်းတွင်မူ တပ်မတော်နှင့် ရခိုင်အရေးနှင့် ပတ်သက်၍ အနည်းငယ် အဆင်မပြေ မှုများရှိလာသည်ဟု လာရီဂျာဂင်၏ ဆောင်းပါးတွင်ဖော်ပြထားပြီး သို့အတွက်ရခိုင်အရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကဲ့သို့ ကိစ္စရပ်များတွင် တပ်မတော်အပေါ် လိုက်လျောမှုများ ပြုခဲ့ရသည်ဟုဆိုသည် ။
“အခု အစိုးရရဲ့ သဘောထားတွေက ဗမာ+ ဗမာ ဆိုတဲ့သဘောကိုဖော်ပြနေသလား သံသယဝင်မိတယ်။ ” ဟု ကွတ်ခိုင်အခြေစိုက် ကချင်အရေးလှုပ်ရှားသူ မမိုင်းမိုင်က မှတ်ချက်ပြုသည် ။
၂၁ ပင်လုံအပြီး စတင်ခဲ့သည့် ဂိဒွန်ဒေသ တိုက်ပွဲများကြောင့် စစ်ရပ်စဲရေးဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ပြီး NLD ၏ ကချင်အမတ်များကလည်း အတိုင်ပင်ခံထံ စာပို့တောင်းဆိုခဲ့သော်လည်း စစ်ရပ်စဲရေး တစ်စုံတရာ ပြောဆိုခဲ့ခြင်းမရှိပေ ။
ဖေဖော်ဝါရီလ ၁၂ နေ့က ပင်လုံတွင် ကျင်းပခဲ့သည့် ပြည်ထောင်စု နေ့အခမ်းအနားတွင်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ပင်လုံစာချုပ်အပေါ် အရေးမပါသယောင် ပြောဆိုမှုများကြောင့် ဝေဖန်မှုများ ရှိနေသည် ။
၎င်းနှင့်ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် သျှမ်းတိုင်းရင်းသားများ အသင်း ဥက္ကဌ စိုင်းထွေးမောင်က - ငြိမ်းချမ်းရေးကိုလိုလားတာမဟုတ်။ တိုင်းရင်းသားရပိုင်ခွင့်ကို လိုလားတာ မဟုတ်။ တကယ်ဆိုရင် သူက တားရမယ်။ငြိမ်းချမ်းရေးပြောပြီး တိုက်ပွဲဖြစ်နေတာကိုမတားတာဟာ လိမ်ညာတာဘဲ - ဟု လည်း မှတ်ချက်ပြုပြောဆိုသည် ။
Tags: General, News