နမ္မတူရောက် စစ်ဘေးရှောင်များအား တောင်ကြီးအခြေစိုက် WAT သျှမ်းလူငယ်အဖွဲ့ မှ ကူညီထောက်ပံ့မှုနှင့်အတူ လက်မှုအတတ်ပညာ သွားရောက်သင်ကြားပေး
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်လူထုအတွက် တောင်ကြီးအခြေစိုက် We are Tai သျှမ်းလူငယ်အဖွဲ့ မှ ကူညီထောက်ပံ့မှုနှင့်အတူ လက်မှုအ တတ်ပညာ သွားရောက်သင်ကြားပေးသည်ဟုသိရှိရသည် ။
Photo Credit to N.K4 |
စစ်ဘေးရှောင်များအား ကူညီထောက်ပံ့မှုများကို We Are Tai အဖွဲ့က ဖေဖော်ဝါရီလဆန်းအတွင်းကသွားရောက်ကူညီထောက်ပံ့မှုပေးခဲ့ခြင်းဖြစ်သည် ။
နမ္မတူမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း ၆ ခုရှိကြောင်း၊ ကချင် ၊ လီဆူး၊ သျှမ်း၊ ပလောင် စသဖြင့် စခန်းများကိုယ်စီ၌နေထိုင်ကြောင်း၊ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် တနင်္ဂနွေ ဝတ်ပြုဆုတောင်းခြင်း၊ အချင်းချင်းတွေ့ဆုံအမြင်ဖလှယ်ကခြင်းများ ရှိနေကြောင်း၊ သျှမ်းလူမျိုးစစ်ဘေးရှောင်များက ဝိဟန်မုံဆာ (ရွှေမြင်သာကျောင်းတိုက်) ၌ နေထိုင်ကြကြောင်း၊ စစ်ဘေးရှောင်များအားလုံး ၁၀၀၀ ကျော် ရှိနေသေးကြောင်း သိရှိရသည် ။
“ မန်တုံမြို့နယ်ဘက် ကျေးရွာ ၄-၅ ရွာက ရွာသားတွေက လုံးဝ မပြန်ရဲကြဘူး။ အခု လောလော ဆယ်တော့ စခန်းကော်မတီကနေဘဲ သူတို့တွေကိုစားသောက်ဖို့ ရိက္ခာတွေ ထုတ်ပေးထားတယ်။ ဆန်ဆီအတွက်တော့ ရှိတယ်။ တခြားအသုံးအဆောင်တွေဝယ်ခြမ်းဖို့တော့ အခက်ဖြစ်တယ်။ နောက် ရှေ့ဆက်ဘယ်လိုလုပ်ကိုင်စားသောက်ကြမလဲဆိုတာ စိုးရိမ်စိတ်တွေရှိနေကြတယ်။ ဘယ်တော့ နေရပ်ပြန်မလဲဆိုတာ မသိကြဘူးလေ၊ သူတို့ရွာတွေထဲမှာလည်း စစ်တပ်ဘက် က ခံတုတ်ကျင်းတွေ ဘာတွေလာတူးပြီးစခန်းအဖြစ်လာချထားတော့ မပြန်ရဲကြသေးဘူးတဲ့၊ ဒီစစ်အမြန်ဆုံး ပြီးဆုံးရင်ကောင်းမယ်” - ဟု နန်းကေဆီက ဆက်ပြောသည် ။
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူစယ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ် အတွင်း မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ဝင်များဖြစ်ကြသည့် တအာင်း TNLA၊ ကချင် KIA၊ ကိုးကန့် MNDAA၊ ရခိုင်AA လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရတပ်၊ တအာင်း(ပလောင်) TNLA နှင့် RCSS/SSA သျှမ်းလက်နက်ကိုင်တပ် တို့ ကြား တိုက်ပွဲများကြောင့် ဒေသခံ သောင်း ဂဏန်းစစ်ဘေးသင့် နေကြ ခြင်းဖြစ်သည် ။
Tags: News, Social